အောင်မြင်မှုဆိုတာက စိတ်ကူးယဉ်မျှော်လင့်နေရုံနဲ့ ရရှိပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ပါဘူး။ အချိန်တွေ၊ ခွန်အားတွေရင်းပြီး ကြိုးစားအားထုတ်မှုတွေနဲ့သာ တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုပုံချင်လည်း ကွဲပြားနိုင်ပါတယ်။ ရည်မှန်းချက်တွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုအောင်မြင်မှုမျိုးကိုပဲ ဖြစ်ပါစေ၊ ရယူပိုင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်စေနိုင်မယ့် အကြံပြုချက် (၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အချိန်ရွှေ့ဆိုင်းခြင်းကို ရှောင်ပါ။
အချိန်ရွှေ့ဆိုင်တဲ့ အကျင့်ဟာ တိုးတက်အောင်မြင်မှုရဲ့ ရန်သူဖြစ်ပါတယ်။ ဘယ်တော့မှ အချိန်မရွှေ့ဆိုင်ပါနဲ့။ ဒီနေ့လုပ်လို့ရတဲ့ အလုပ်ကို နောက်တစ်နေ့ကို မရွှေ့တာအကောင်းဆုံးပါပဲ။ အချိန်ရွှေ့ဆိုင်းခြင်းဟာ အာရုံပျက်စရာ အနှောင့်အယှက်တွေ၊ အပျင်းထူတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် အကျင့်တစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် တိုးတက်အောင်မြင်ချင်တယ်ဆိုရင် အချိန်ရွှေ့ဆိုင်တာကို ရှောင်ပါ။
၂။ မှန်ကန်တဲ့ လူတွေနဲ့ ပေါင်းသင်းပါ။
သစ်တစ်ပင်တည်းနဲ့ တောအုပ်ဖြစ်မလာနိုင်ပါဘူး။ အောင်မြင်မှု ကြီးကြီးမားမားတည်ဆောက်ချင်ရင် သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အကူအညီ အထောက်အပံ့ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်ပတ်ဝန်းကျင်မှာ သင့်ရဲ့ တိုးတက်အောင်မြင်မှုကို ပါဝင်ပံ့ပိုးပေးနိုင်မယ့်သူတွေ ရှိနေဖို့က အရေးကြီးပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ၊ အောင်မြင်ပြီးသားလူတွေကို ချဉ်းကပ်ပေါင်းသင်းပါ။ သူတို့ရဲ့ နည်းပေးလမ်းပြမှုကို ခံယူပါ။
၃။ ခြေတစ်လှမ်း စည်းမျဉ်းကို လိုက်နာပါ။
အောင်မြင်မှုဆီကို လှမ်းတက်ရာမှာ တစ်ကြိမ်မှာ တစ်ဆင့် တစ်လှမ်းပဲ လှမ်းတက်ပါ။ အလောတကြီး အလျင်စလိုလုပ်တာက ရေရှည်မှာ အကျိုးယုတ်စေနိုင်ပါတယ်။ ရေတိုအကျိုးစီးပွားကို ကြည့်ပြီး ဖြတ်လမ်းမလိုက်ပါနဲ့။
၄။ ဇွဲလုံ့လ ရှိပါစေ။
အောင်မြင်မှုဆိုတာက တစ်ကြိမ်တစ်ခါ ကြိုးစားလိုက်ရုံနဲ့ ရယူနိုင်တာမျိုး မဟုတ်ပါဘူး။ ဇွဲလုံ့လ အပြည့်ရှိဖို့ လိုပါတယ်။ သင့်ရည်မှန်းချက်တွေ အထမြောက်ဖို့ အခက်အခဲ အတားအဆီးတွေ အများကြီးကို ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ လက်လျှော့အရှုံးပေးလိုက်ချင်တဲ့ အချိန်တွေလည်း ကြုံရမှာပါ။ လက်ရှိအောင်မြင်နေသူအားလုံးဟာလည်း တချိန်က အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရဖူးတယ်ဆိုတာ မမေ့ပါနဲ့။
၅။ အောင်မြင်ဖို့ ပြင်းထန်တဲ့စိတ်ဆန္ဒရှိပါစေ။
နေ့စဉ်နေ့တိုင်းမှာ စိန်ခေါ်မှုအသစ်တစ်ခု ရှိနိုင်သလို၊ အခွင့်အလမ်းအသစ်တွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အနိုင်ရအောင်မြင်ဖို့ ဆုံးဖြတ်ထားပါ။ လုံလောက်တဲ့ ရည်မှန်းချက်နဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒမရှိရင် မအောင်မြင်နိုင်ပါဘူး။ အနိုင်ရလိုစိတ်ပြင်းပြမှုက သင့်ခရီးကို ထက်ဝက်လျှောက်လှမ်းပြီးတာနဲ့ အတူတူပါပဲ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine