စိတ်ခံစားမှု မကောင်းတဲ့အချိန်ဆိုတာ လူတိုင်းမှာရှိပါတယ်။
တစ်ခါတစ်လေမှာ ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိပဲ စိတ်ထဲမှာ မကောင်းတာတစ်ခုခုကို ခံစားနေရတတ်ပါတယ်။
ပျင်းနေတာလား? သတင်းဆိုးတစ်ခုခု ကြားမိလို့လား? အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်လား? ဘာကြောင့်မှန်းမသိပဲ စိတ်ထဲမှာ ဒေါသဖြစ်သလိုလို၊ ဝမ်းနည်းနေသလိုလို ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။
ဒီလို စိတ်ခံစားမှုမကောင်းတာကို ကြုံတွေ့ရတယ်ဆိုရင် ချက်ချင်းကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ နှစ်နှစ်ချိုက်ချိုက်အိပ်ပစ်လိုက်ပါ
သင့်ရဲ့ အိပ်ချိန်ဘယ်လောက်ရှိလဲ ပြန်စဉ်းစားပါ။ များသောအားဖြင့် မကောင်းတဲ့စိတ်ခံစားမှုတွေဟာ အိပ်ရေးမဝတာကြောင့် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအနားယူပြီး နှစ်နှစ်ချိုက်ချိုက် အိပ်လိုက်မယ်ဆိုရင် အင်အားပြန်လည်ပြည့်ဝပြီး လန်းဆန်းတက်ကြွတဲ့ခံစားချက်ကို ရရှိလာမှာပါ။
၂။ အချိုစားပါ
အချိုဓာတ်ဟာ လူတွေကို ပျော်ရွှင်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ခံစားမှု မကောင်းတဲ့အချိန်မှာ အချိုစားပေးပါ။ ချောကလက်၊ ကိတ်မုန့် စတဲ့ အချိုဓာတ်များတဲ့ စားစရာတစ်ခုခု စားပေးခြင်းအားဖြင့် စိတ်ကို ပျော်ရွှင်စေပြီး မကောင်းတဲ့ခံစားချက်တွေကို ပျောက်သွားစေနိုင်ပါတယ်။
၃။ လေကောင်းလေသန့်ရှုပါ
လေကောင်းလေသန့်မှာ အံ့မခန်းလောက်စရာ စွမ်းအားတွေရှိပါတယ်။ စိတ်ညစ်ရာတွေ၊ ဝမ်းနည်းစရာတွေရှိရင် အပြင်ကိုထွက်ပြီး လေကောင်းလေသန့်ရှုပြီး လမ်းလျှောက်လိုက်ပါ။ ဖြစ်နိုင်ရင် အကြောလျှော့လေ့ကျင့်ခန်းတွေ၊ ယောဂလေ့ကျင့်ခန်းတွေ လုပ်ပါ။ တရားထိုင်ပါ။ ခံစားမှုတွေ ပိုကောင်းလာပြီး အကြံဉာဏ်ကောင်းတွေ ရလာတာကို တွေ့ရပါလိမ့်မယ်။
၄။ ဟာသဗီဒီယိုတွေ ကြည့်ပါ
စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ ဟာသဗီဒီယိုတွေကြည့်ပြီး ရယ်မောလိုက်တာက စိတ်ကို ချက်ချင်းလန်းဆန်းသွားစေနိုင်ပါတယ်။ Facebook နဲ့ Youtube မှာ ဟာသဗီဒီယိုတွေ အများကြီးရှိပါတယ်။
၅။ ဆိုရှယ်မီဒီယာတွေကို ခဏရပ်ထားပါ
စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ ဆိုရှယ်မီဒီယာတွေကို သုံးနေတာက ပိုပြီးဆိုးစေနိုင်ပါတယ်။ သတင်းဆိုးတွေ၊ လူပြိန်းကြိုက်အကြောင်းအရာတွေ၊ စိတ်ညစ်စရာတွေကြောင့် သင့်စိတ်ကို ပိုပြီး ရှုပ်ထွေးပင်ပန်းစေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ထဲမှာ တစ်ခုခုကို ခံစားနေရရင် ဆိုရှယ်မီဒီယာတွေကို မသုံးပါနဲ့။
၆။ အရင်းနှီးဆုံး သူငယ်ချင်းကို ဖုန်းခေါ်ပါ
သင့်စိတ်ထဲက ခံစားနေရတာတွေကို တစ်ယောက်ယောက်စီမှာ ရင်ဖွင့်လိုက်တာကလည်း စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။ သူငယ်ချင်းနဲ့ ရောက်တတ်ရာရာ စကားတွေပြောရင်း မကောင်းတဲ့ စိတ်ခံစားချက်တွေ ပြေပျောက်သွားနိုင်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်