အမျိုးသားသုံး ပိုက်ဆံအိတ်ဝယ်မယ်ဆိုရင်…

အမျိုးသားအများစုက ပိုက်ဆံအိတ်ကို ပိုက်ဆံထည့်ပြီး သယ်သွားဖို့လောက်ပဲ သဘောထားတတ်ကြပါတယ်။ ဒါဟာ ပိုက်ဆံအိတ်တွေရဲ့ စွမ်းအားကို မသိသေးလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ မလိုက်ဖက်တဲ့ ပိုက်ဆံအိတ်တွေ ကိုင်မိတတ်ကြပါတယ်။

တကယ်ဆိုရင် အမျိုးသမီးတွေက လက်ကိုင်အိတ်ကို သေချာရွေးချယ်ကြသလို အမျိုးသားတွေဟာလည်း ပိုက်ဆံအိတ်ကို သေချာရွေးချယ်သင့်ပါတယ်။ အမျိုးသားသုံးပိုက်ဆံအိတ်ပုံစံ၊ ဒီဇိုင်းမျိုးစုံကို ဈေးကွက်ထဲမှာ ရနိုင်ပေမယ့် သင့်အတွက် အသင့်တော်ဆုံး ပိုက်ဆံအိတ်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီလို ရွေးချယ်နိုင်ဖို့ ပိုက်ဆံအိတ်ဝယ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရှင်းလင်းသပ်ရပ်တဲ့ ဒီဇိုင်းကိုသာ ရွေးချယ်ပါ

အမျိုးသားသုံး ပိုက်ဆံအိတ် ဒီဇိုင်းဟာ ရိုးရှင်းနေဖို့ လိုပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ကာလာဗြောင် ပိုက်ဆံအိတ်တွေဟာ ဝတ်စုံအမျိုးမျိုးနဲ့ လိုက်ဖက်နိုင်ပါတယ်။ သင် ကိုင်တဲ့ ပိုက်ဆံအိတ်ရဲ့ ဒီဇိုင်းကာလာ အနေအထားက သင့်အကြောင်းကို ဖော်ပြနေတာကြောင့် ရိုးရှင်းတာက အကောင်းဆုံးပါပဲ။

၂။ မှန်ကန်တဲ့ အရွယ်အစားကို ရွေးချယ်ပါ

သင့်အနေနဲ့ အိတ်ထဲမှာ အများကြီးထည့်သွားချင်လို့ ပိုက်ဆံအိတ်ကြီးကြီးဝယ်ဖို့ စိတ်ကူးခဲ့ဖူးပါလိမ့်မယ်။ တကယ့်လက်တွေ့မှာတော့ ပိုက်ဆံအိတ်အကြီးကြီးတွေက ရုပ်ဆိုးပါတယ်။ သင့်ဘောင်းဘီအိတ်ကပ်ထဲကို ထိုးထည့်လို့ရလောက်တဲ့ အရွယ်အစားလောက်ပဲ ကောင်းပါတယ်။ ဒါ့ကြောင့် နောက်တစ်ခါ ပိုက်ဆံအိတ်ဝယ်မယ်ဆိုရင် အမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထားမယ့် အရာတွေ ဝင်ဆံ့ရုံလောက်အရွယ်အစားကိုသာ ရွေးချယ်ပါ။

၃။ ပိုက်ဆံအိတ်အသားကို မကန့်သတ်ထားပါနဲ့

ပိုက်ဆံအိတ်ဝယ်တဲ့နေရာမှာ ဒီဇိုင်းနဲ့ အမျိုးအစားကိုသာ ကြည့်ရမှာမဟုတ်ပါဘူး။ ဘယ်လိုအသားနဲ့ ချုပ်လုပ်ထားလဲဆိုတာကိုလည်း ဂရုစိုက်ရွေးချယ်ဖို့ လိုပါတယ်။ ပိုက်ဆံအိတ်အသားတစ်ခုချင်းစီမှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ သင်ရဲ့ နေ့စဉ်ဘဝအသုံးပြုပုံနဲ့ လိုက်ဖက်တဲ့ အသားမျိုးကို ရွေးချယ်ပါ။

၄။ ပိုက်ဆံအိတ်ကို ရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ သဘောထားပါ

ပိုက်ဆံအိတ်ဝယ်ရာမှာ အချိန်ဘယ်လောက်ကြာအောင် သုံးမှာလဲဆိုတဲ့အချက်ကလည်း ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခုပါပဲ။ သင့်အနေနဲ့ အချိန်ကြာကြာအသုံးပြုချင်တယ်ဆိုရင် အမှန်တကယ် အရည်အသွေးကောင်းတဲ့ အမျိုးအစားနဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်သင့်ပါတယ်။

၅။ အရောင်ကိုလည်း သေချာရွေးချယ်ပါ

ပိုက်ဆံအိတ်အရောင်ကလည်း အရေးကြီးပါတယ်။ သင့်အနေနဲ့ နေ့စဉ်သွားလာလှုပ်ရှားရမယ့် ပတ်ဝန်းကျင်ကို လိုက်ပြီး သင့်တော်မယ့်အရောင်မျိုး ကိုင်ဖို့ လိုပါတယ်။ သင်ကိုင်တဲ့ ပိုက်ဆံအိတ်ဟာ သင့်ရဲ့ လူနေမှုအဆင့်အတန်းကို ဖော်ပြတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် ကြောင်စီစီအရောင်တွေ၊ ဒီဇိုင်းတွေထက် အနက်ရောင်၊ အညိုရောင်နဲ့ ရိုးရှင်းတဲ့ဒီဇိုင်းကာလာကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

၆။ အိတ်အကန့်ဖွဲ့စည်းပုံကို သေချာရွေးပါ

ဒီဇိုင်း၊ ကာလာနဲ့ အရွယ်အစားအပြင် နောက်ထပ် စဉ်းစားရမယ့် အချက်က အိတ်အကန့်ဖွဲ့စည်းပုံ ဖြစ်ပါတယ်။ သင်ရွေးချယ်ထားတဲ့ ပိုက်ဆံအိတ်က သင်ထည့်ချင်တာတွေ ထည့်ဖို့ အကန့်အလုံအလောက်ပါရဲ့လား ဆိုတာ ကြည့်ပါ။ ဘဏ်ကဒ်တွေ၊ လိပ်စာကဒ်တွေ ထည့်ဖို့ အကန့်လေးတွေ၊ အကြွေစေ့ထည့်ဖို့ ဇစ်အကန့်၊ ငွေစက္ကူထည့်ဖို့ အကန့် စသဖြင့် သေချာခွဲခြားပါဝင်ဖို့ လိုပါတယ်။ တချို့ပိုက်ဆံအိတ်တွေမှာ ဖုန်း SIM Card တွေ နဲ့ Memory Card တွေ ထည့်ဖို့အကန့်လေးတွေတောင်ပါဝင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တွေကို ထည့်ထားပြီး အလွယ်တကူပြသနိုင်မယ့် ဖောက်ထွင်းမြင်ရတဲ့ အကန့်လေးတွေလည်း ပါဝင်သင့်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentlman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%