နေအိမ်မှ အလုပ်လုပ်ရမည့်သူများအတွက် လိုက်နာစရာအချက်များ

အခုဆိုရင် COVID 19 ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ဝန်ထမ်းတွေကို ရုံးမတက်ခိုင်းပဲ နေအိမ်ကနေ အလုပ်လုပ်စေတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ ရှိလာပါပြီ။ နေအိမ်ကနေ အလုပ်လုပ်ရတာဟာ အလုပ်နဲ့ ပုဂ္ဂိုဟ်ရေးဘဝကြား ကန့်သတ်ချက် နည်းသွားတာကြောင့် အလုပ်နဲ့ ပုံမှန်ဘဝကို ရောထွေးသွားစေပါတယ်။ ဒါ့ကြောင့် နေအိမ်ကနေ အလုပ်လုပ်ရသူတွေအတွက် အလုပ်ပိုပြီး ပြီးမြောက်ဖို့နည်း အလုပ်နဲ့ပုဂ္ဂိုဟ်ရေးတွေ ဟန်ချက်ညီမျှနေဖို့အတွက် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အဝတ်အစား

နေအိမ်ကနေ အလုပ်လုပ်သူတွေ အများစု မှားလေ့ရှိတဲ့အမှားတစ်ခုက အိမ်နေရင်းဝတ်စုံ ဒါမှမဟုတ် ညအိပ်ဝတ်စုံနဲ့ အလုပ်လုပ်တာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတာက ပိုပြီးသက်တောင့်သက်သာရှိတယ်လို့ ခံစားရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ညအိပ်ဝတ်စုံနဲ့ အလုပ်မလုပ်သင့်ပါဘူး။ သင့်အနေနဲ့ အလုပ်ကို ရုံးမှာလုပ်သလို စိတ်ထားပြီး တိတိကျကျနဲ့ ပြီးပြတ်အောင်လုပ်ဆောင်နိုင်ဖို့ အဝတ်အစားလဲသင့်ပါတယ်။ ရုံးသွားတက်သလို ဝတ်စုံပြည့်မဝတ်ရင်တောင်မှ ညအိပ်ဝတ်ထားတဲ့ အဝတ်အစားကို ခပ်လတ်လတ်အဝတ်အစားနဲ့ ပြောင်းဝတ်ပါ။

၂။ အလုပ်နေရာ သတ်မှတ်လုပ်ဆောင်ပါ

နေအိမ်ကနေ အလုပ်လုပ်ရာမှာ အဝတ်အစားကို သင့်တော်သလိုပြောင်းလဲဝတ်ဆင်သင့်သလို အလုပ်လုပ်မယ့်နေရာကိုလည်း သေချာ ပြင်ဆင်ထားဖို့ လိုပါတယ်။ လုပ်ငန်းခွင်နဲ့ တူတဲ့ အလုပ်နေရာက သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ အိပ်ရာထဲမှာ အလုပ်လုပ်တာက သင့်ကို သက်တောင့်သက်သာရှိစေနိုင်တာ မှန်ပေမယ့် ပျင်းရိငြီးငွေ့စေပြီး အလုပ်တွေကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်စေမှာ မဟုတ်ပါဘူး။ အလုပ်နေရာ သတ်မှတ်တဲ့အခါ တီဗီတွေ၊ ရေဒီယိုတွေရှိတဲ့ အခန်းထဲမှာ မလုပ်ပါနဲ့။ သင့်ရဲ့မိသားစုဝင်တွေ လာရောက်မနှောင့်ယှက်နိုင်တဲ့ နေရာတစ်ခုကို ရွေးပါ။

၃။ အလုပ်အချိန်အတိုင်း အတိအကျလုပ်ဆောင်ပါ

နေအိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ရုံးသွားရုံးပြန် အချိန်တွေ ပေးစရာမလိုတော့ပါဘူး။ ဒါပေမယ့် အလုပ်ချိန်ကို လေးစားလိုက်နာဖို့ အရေးကြီးပါတယ်။ သင့်အလုပ်က သတ်မှတ်တဲ့ ရုံးတက်ချိန် ရုံးဆင်းချိန်တွေအတိုင်း အတိအကျလိုက်နာပြီး အိမ်ကနေ အလုပ်လုပ်ပါ။ ပုံမှန် အချိန်အတိုင်း အိပ်ရာထပြင်ဆင်ပါ။ သတ်မှတ်ရုံးတက်ချိန်မှာ အပေါ်မှာဖော်ပြထားသလို သတ်မှတ်ထားတဲ့ အလုပ်နေရာမှာ ထိုင်ပြီး အလုပ်လုပ်ပါ။

၄။ ဆက်သွယ်ပြောဆိုနိုင်မယ့် လမ်းကြောင်းသတ်မှတ်ပါ

ရုံးမှာ အလုပ်လုပ်တဲ့အခါ တချို့ကိစ္စတွေကို မျက်နှာချင်းဆိုင်တွေ့ဆုံ ပြောဆိုနိုင်ပါတယ်။ နေအိမ်ကနေ အလုပ်လုပ်မယ်ဆိုရင်တော့ ဒီလိုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတွေကို အတိအကျသတ်မှတ်ထားပါ။

၅။ အလုပ်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ပြီးလုပ်ပါ

နေအိမ်ကနေ အလုပ်လုပ်လုပ်သူတွေ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာက အလုပ်တစ်ခုကို အပြည့်အ၀ အာရုံစိုက်ဖို့ အချိန်မပေးနိုင်တာပဲ ဖြစ်ပါတယ်။ အိမ်မှုကိစ္စတွေ၊ အခြားမိသားစုဝင်တွေကြောင့် အာရုံပျက်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်းမှာ ဘယ်အလုပ်ကို အပြီးလုပ်မယ်ဆိုတာမျိုး တိတိကျကျသတ်မှတ်လုပ်ဆောင်ပါ။ သတ်မှတ်ချိန်အတွင်း အခြားဘယ်လိုအနှောင့်အယှက်မျိုးကိုမှ လက်မခံပါနဲ့။

၆။ အနားယူပါ

နေအိမ်ကနေ အလုပ်လုပ်ရတဲ့အခါမှာ လူတွေက အနားယူဖို့ မေ့လျော့နေတတ်ကြပါတယ်။ အချိန်တိုင်း အိမ်မှာပဲ ရှိနေတာကြောင့် အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်ရင်း စိတ်ပင်ပန်းလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် အနားယူဖို့ လိုပါတယ်။ ရုံးချိန်ကျော်သွားရင် သူငယ်ချင်းတွေဆီ ဖုန်းဆက်ပါ။ အခြားစိတ်ဝင်စားစရာကောင်းတာတစ်ခုခုလုပ်ပါ။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်တွေမှာ အလုပ်မလုပ်ပါနဲ့။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%