လူချမ်းသာတွေက သူတို့လိုချင်တာ ဘာမဆို ဝယ်နိုင်တဲ့ ငွေကြေးပမာဏရှိကြသူတွေပါ။ ဒါပေမယ့် လူချမ်းသာအများစုက သူတို့ငွေကို ထင်တိုင်းသုံးလေ့မရှိကြပါဘူး။ ငွေကို စိစစ်ချွေတာပြီးသုံးစွဲတတ်ကြတဲ့အပြင် သူတို့လုံးဝငွေကုန်ကြေးကျမခံတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ လူချမ်းသာတွေက ဘယ်လိုအရာတွေအတွက် ငွေကုန်ကြေးကျမခံဘူးလဲဆိုတာ လေ့လာကြည့်လိုက်ပါ။
လိုချင်စိတ်ကြောင့်ဝယ်ယူတဲ့ပစ္စည်းတွေ
ဈေးဝယ်စင်တာတွေသွားလိုက်မယ်ဆိုရင် မျက်လုံးထဲမှာ တွေ့သမျှ လိုချင်စရာတွေချည်းပါပဲ။ လူချမ်းသာတွေကတော့ လိုချင်စိတ်ဖြစ်လာတိုင်း ဝယ်နိုင်ပေမယ့်လည်း ဝယ်လေ့မရှိကြသူတွေပါ။ မလိုအပ်တာတွေကို လျှောက်ဝယ်နေမယ်ဆိုရင် လိုအပ်တာတွေတွေကို ထုတ်ရောင်းရလိမ့်မယ်လို့ ဘီလျံနာ လုပ်ငန်းရှင်သူဌေးကြီး Warren Buffet က ပြောခဲ့ဖူးပါတယ်။ သူဌေးတွေက သူတို့အတွက် အမှန်တကယ်မလိုအပ်ပဲ ဝယ်လေ့မရှိပါဘူး။
ရုပ်သံလိုင်းကြေးနဲ့ ဂိမ်းတွေ
လူချမ်းသာတွေက တစ်နေကုန်တီဗွီထိုင်ကြည့်နေလည်း ရတဲ့အခြေအနေရှိနေပေမယ့် တီဗီကြည့်ရင်း အချိန်ကုန်ခံလေ့မရှိကြပါဘူး။ ဒါ့ကြောင့် အခပေးရုပ်သံလိုင်းတွေ၊ ဗီဒီယိုဂိမ်းတွေအတွက် ငွေကုန်ကြေးကျ ခံလေ့မရှိပါဘူး။
တန်ဖိုးကြီး အမှတ်တံဆိပ်တွေ
သန်းကြွယ်သူဌေးတွေအားလုံးက သူတို့ဝတ်ဆင်သမျှကို ထိပ်တန်းဒီဇိုင်နာတွေဆီမှာ အပ်ပြီး ဝတ်စားနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် အများစုက မသုံးကြပါဘူး။ ကမ္ဘာ့အချမ်းသာဆုံး ဒုတိယနေရာက ဘီလျံနာ ဘီလ်ဂိတ်စ်ဆိုရင် ဒေါ်လာ ၁၀ တန်နာရီကို ဝတ်နေတုန်းပါပဲ။
နောက်ကျကြေးတွေ
ဘယ်သူကမှ နောက်ကျကြေးတွေကို မပေးချင်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေက ပေါ့ပေါ့ဆဆနေတတ်ကြတာကြောင့် နောက်ကျကြေးတွေ ပိုပေးရလေ့ရှိပါတယ်။ လူချမ်းသာတွေကတော့ နောက်ကျကြေးဘယ်တော့မှ မပေးရအောင် ဂရုစိုက်တတ်ကြပါတယ်။
တာရှည်မခံတဲ့ ပစ္စည်းတွေ
ရေရှည်အသုံးမခံတဲ့ ပစ္စည်းတွေအတွက် ငွေသုံးတာက ငွေဖြုန်းတီးတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် လူချမ်းသာတွေက ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်အောင် အရည်အသွေးကောင်းပြီး တာရှည်ခံတာတွေကို ဦးစားပေးတတ်ကြပါတယ်။
ဥစ္စာပစ္စည်းတွေ
လူချမ်းသာတွေက ရုပ်ဝတ္ထုပစ္စည်းတွေထက် အတွေ့အကြုံတွေအတွက် ပိုပြီး ငွေကို သုံးစွဲလေ့ရှိပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကြောင့် ရတဲ့ ပျော်ရွှင်မှုက ခဏသာဖြစ်ပြီး အတွေ့အကြုံတွေက ရတဲ့ပျော်ရွှင်မှုက တာရှည်ခံတယ်ဆိုတာကို နားလည်ထားကြပါတယ်။
လောင်းကစား
ဟုတ်ပါတယ်။ လူချမ်းသာတွေက ဘယ်တော့မှ ကံကို ယုံပြီး အလောင်းအစားမလုပ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့သာ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်တတ်ကြပါတယ်။
ဒါတွေကတော့ လူချမ်းသာတွေ ငွေကုန်ကြေးကျမခံပဲ ချွေတာလေ့ရှိကြတဲ့ အရာတွေပဲဖြစ်ပါတယ်။ သင်ရော ဒါတွေအတွက် ငွေကုန်ကြေးကျများနေလားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။
မိန်းကလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်