စိတ်အပြောင်းအလဲမြန်သူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ?

အချိန်ခဏလေးအတွင်းမှာ စိတ်အပြောင်းအလဲမြန်တတ်သူတွေကို ကျွန်တော်တို့ အားလုံးတွေ့ဖူးကြပါတယ်။ စိတ်အပြောင်းအလဲမြန်သူတွေဟာ အခုပဲ ပျော်ရွှင်ကျေနပ်နေပေမယ့် ခဏနေရင် ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိပဲ စိတ်ဆိုးဒေါသထွက်ကြ၊ ဝမ်းနည်းကြေကွဲတတ်ကြပါတယ်။ ဒီလိုစိတ်အပြောင်းအလဲမြန်သူတွေနဲ့ ဆက်ဆံရတာဟာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းထဲမှာ စိတ်အပြောင်းအလဲမြန်သူတွေ ရှိရင် အဆင်ပြေအောင်ဆက်ဆံနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သူတို့ကို နားလည်အောင် ကြိုးစားပါ

စိတ်အပြောင်းအလဲမြန်သူတွေရဲ့ စိတ်အခြေအနေပြောင်းလဲမှုကို ယုတ္တိကျကျလိုက်တွေးဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အရေးတော့မကြီးပါဘူး။ သူတို့ စိတ်ပြောင်းလဲသွားတဲ့ အကြောင်းရင်းတစ်ခုခုတော့ ရှိတတ်ပါတယ်။ ဒီအကြောင်းရင်းက သင့်အမြင်မှ ဘာမှမဟုတ်တဲ့ကိစ္စလေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ စိတ်ပြောင်းလဲသွားရတဲ့အကြောင်းရင်းကို နားလည်အောင် အရင်ကြိုးစားကြည့်ပါ။ အကြောင်းရင်းကို နားလည်ပြီဆိုရင် အဆင်ပြေအောင် ညှိနှိုင်းဖို့ ပိုလွယ်သွားပါလိမ့်မယ်။

၂။ သူတို့ဆင်တဲ့ ထောင်ချောက်ထဲ မကျပါစေနဲ့

စိတ်အပြောင်းအလဲမြန်သူတွေဟာ သူတို့ဖြစ်ချင်တာ ဖြစ်ဖို့၊ လိုချင်တာရဖို့အတွက် အခြားသူကို သူတို့ကိုယ်တိုင်တောင် မသိပဲ အကြပ်ကိုင်နေတာဖြစ်ပါတယ်။ သူတို့ ဖြစ်ချင်တာ၊ လိုချင်တာကို လိုက်လျောလိုက်ရင် အခုခဏတာအတွက် အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ ကိုင်တွယ်ရပိုခက်ခဲလာပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျအောင် လိုက်လျောသင့်တာကိုပဲ လိုက်လျောပါ။ စိတ်အပြောင်းအလဲမြန်တာ တနည်းအားဖြင့် လိုချင်တာမရလို့ စိတ်ကောက်တာက များသောအားဖြင့် သူတို့ကို ပိုပြီးထိခိုက်စေပါတယ်။

၃။ တည်တည်ငြိမ်ငြိမ်နေပါ

သင့်နဲ့အလုပ်အတူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ရုတ်တရက်ကြီး စိတ်တွေဆိုးပြီး ပြဿနာရှာနေပြီဆိုပါစို့။ သူနဲ့အတူ လိုက်ပြီး ဒေါသထွက်စိတ်ဆိုးဖို့က လွယ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဘာအမှားမှ လုပ်မထားဘူးဆိုတာ သေချာရင် နားလည်ပေးလိုက်ပါ။ ဒါက သူတို့အမှားသက်သက်ဖြစ်ပါတယ်။ သူ့မှာဖြစ်နေတဲ့ကိစ္စအတွက် လိုက်ဖြေရှင်းပေးနေစရာ မလိုပါဘူး။ သင်လုပ်ရမှာက အေးဆေးတည်ငြိမ်စွာနဲ့ လုပ်စရာရှိတာလုပ်ပြီး နေဖို့ပါပဲ။

၄။ ခဏနားပါ

စိတ်အပြောင်းအလဲမြန်သူတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာ များလာပြီဆိုရင် အကောင်းဆုံးနည်းလမ်းက သူတို့ကို ခဏရှောင်နေဖို့ပါပဲ။ သူတို့နဲ့ ဝေးရာကို ခဏထွက်သွားပြီး သင့်ကိုပျော်ရွှင်စေမယ့်အရာတွေကို လုပ်နေလိုက်ပါ။

၅။ အဓိကအချက်ကို မြင်အောင် ရှင်းပြပါ။

စိတ်အပြောင်းအလဲမြန်သူတွေဟာ သူတို့စိတ်ရုတ်ချည်းပြောင်းလဲမှုကြောင့် အစီအစဉ်တွေကို ပြောင်းလဲပစ်တတ်ပါတယ်။ ဒီလိုကြုံတွေ့ရပြီဆိုရင် သူတို့မြင်သာအောင် ရှင်းပြဖို့ လိုပါတယ်။ အစီအစဉ်တစ်ခုဖြစ်ဖို့ ဘယ်လိုကြိုးစားထားရကြောင်း၊ စိတ်ပြောင်းလဲမှုကြောင့် အားလုံး ပျက်စီးသွားနိုင်ကြောင်း ရှင်းပြပါ။

၆။ လျစ်လျူရှုထားလိုက်ပါ

သင့်ဖက်က အခြေအနေကို ရှင်းပြသည့်တိုင်အောင် အလုပ်မဖြစ်ဘူးဆိုရင် လျစ်လျူရှုထားလိုက်တာ အကောင်းဆုံးပါပဲ။ သူတို့ရဲ့ စိတ်ပြောင်းလဲမှုကြောင့် သင့်မှာ ဘယ်လိုမှ သက်ရောက်မှုမရှိကြောင်း ပြသပါ။ လုပ်စရာရှိတာကို ဆက်လုပ်ပါ။

စိတ်အပြောင်းအလဲမြန်သူတွေကို နေ့တိုင်းပတ်သက်ဆက်ဆံနေရတဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းထဲမှာ တွေ့ရနိုင်ပါတယ်။ သူတို့ရဲ့ စိတ်အပြောင်းအလဲကြောင့် သင့်စိတ်ကို မညစ်နွမ်းစေဖို့က အရေးကြီးပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentlmean Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%