အမျိုးသားဝတ်ဘောင်းဘီရှည်တွေရဲ့ အရှည်နဲ့ပတ်သက်ပြီး သေချာလေ့လာဖူးပါသလား?
ရှည်လွန်းတဲ့ဘောင်းဘီတွေက ခြေထောက်ထိပ်ဖိနပ်နားမှာ ပုံကျနေစေပြီး ကြည့်ရတာဆိုးစေနိုင်သလို လိုအပ်တာထက် တိုနေမယ်ဆိုရင်လည်း အမေဝတ်ပေးတဲ့အတိုင်းဝတ်လာရတဲ့ ကျောင်းသားလေးတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။
ဒါ့ကြောင့် ဘောင်းဘီအရှည်နဲ့ပတ်သက်ပြီး သေချာဂရုစိုက်ဖို့လိုပါတယ်။ ဘောင်းဘီရှည်တွေရဲ့ ဘောင်းဘီအဆုံးသတ်အောက်နားနဲ့ ဖိနပ်ထိတဲ့နေရာကို Pants Breaks ဒါမှမဟုတ် Trousers Breaks လို့ ခေါ်ပါတယ်။ ဒီဘောင်းဘီအရှည်က သင့်ခြေထောက်နဲ့ လိုက်ဖက်မှုမရှိရင် တခြားသူတစ်ယောက်ရဲ့ ဘောင်းဘီးငှားဝတ်လာတယ်လို့ ထင်သွားစေနိုင်ပါတယ်။
ဒီတော့ Pants Breaks/Trousers Breaks တွေအကြောင်း သိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်
အမျိုးသားဝတ်ဘောင်းဘီတွေရဲ့ အောက်နားအရှည်နဲ့ပတ်သက်ပြီး သုံးမျိုးခွဲခြားနိုင်ပါတယ်။
၁။ No Break
၂။ Half Break
၃။ Full Break
၁။ No Break
No Break ဆိုတာကတော့ အရှင်းဆုံးသွင်ပြင်တစ်ခုပါပဲ။ ဘောင်းဘီရှည်ရဲ့ အောက်နားအဆုံးသတ်ဟာ ရှုးဖိနပ်ကို ထိမနေပဲ အပေါ်နားလေးမှာ ရှိနေတဲ့ အနေအထားကို ဆိုလိုပါတယ်။ ခြေထောက်ကို ပိုရှည်လာစေတယ်လို့ ထင်ရစေတာကြောင့် အရပ်နိမ့်တဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်တဲ့ ပုံစံတစ်ခုပါ။ ဒီပုံစံနဲ့ပတ်သက်ပြီး သတိထားသင့်တာတစ်ခုက ဘောင်းဘီအောက်နားတိုတာကြောင့် ခြေလှမ်းလှမ်းလိုက်တိုင်းမှာ သင့်ခြေအိတ်တွေကို မြင်သာစေတာပဲ ဖြစ်ပါတယ်။
၂။ Half Break
ဒီစတိုင်ကို Medium Break လို့လည်း ခေါ်ကြပါတယ်။ များသောအားဖြင့် စတိုင်ဘောင်းဘီတွေဝတ်ကြတဲ့အခါ Half Break နဲ့ပဲ ဝတ်လေ့ရှိပါတယ်။ Half Break ရဲ့ သတ်မှတ်ချက်ကတော့ ဘောင်းဘီအောက်နားအရှည်ဟာ အရှေ့ဖက်ခြမ်းဟာ ဖိနပ်ပေါ်ကို အနည်းငယ်ထိနေပြီး အနောက်ဖက်ခြမ်းမှာ ဖိနပ်ရဲ့အမြင့်ဆုံးပိုင်းကို ဖုံးအုပ်ထားရပါမယ်။ Half Break ဘောင်းဘီတွေက ဝတ်ရတာသက်တောင့်သက်သာရှိပြီး အဆင်ပြေတာကြောင့် လူတိုင်းနီးပါး ရွေးချယ်ကြတဲ့ စတိုင်တစ်ခုဖြစ်ပါတယ်။
၃။ Full Break
Full Break ဆိုတာကတော့ ဘောင်းဘီအောက်နားအရှည်က ဖိနပ်ပေါ်မှာတင်နေတာကို ဆိုလိုပါတယ်။ ဝတ်ထားချိန်မှာ ခြေကျင်းဝတ်နားမှာ အနည်းငယ် တွန့်ခေါက်နေတာလေးတွေ ရှိနိုင်ပါတယ်။ ခြေအိတ်နဲ့ ဖိနပ်ရဲ့ခြေထိုးပေါက်နေရာကို လုံးဝပျောက်ကွယ်စေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ Full Break ပုံစံကို အရပ်မြင့်တဲ့ အမျိုးသားတွေဝတ်ရင် ခန္ဓာကိုယ်အချိုးအစားကျနသွားစေတဲ့ပုံပေါက်တာကြောင့် အဆင်ပြေနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဂျင်းဘောင်းဘီတွေကိုလည်း Full Break ပုံစံနဲ့ ဝတ်လေ့ရှိပါတယ်။ ကြည့်ရတာ အနည်းငယ်ပွယောင်းယောင်းဖြစ်နိုင်တာကြောင့် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးမှ ဝတ်သင့်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်