အချစ်ရေးတစ်ခုမှာ အနည်းဆုံးလူနှစ်ယောက် ပါဝင်ပတ်သက်ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ချည်နှောင်ထားတဲ့ သံယောဇဉ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အချစ်ရေးဖြစ်ဖို့ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်နဲ့ ယုံကြည်မှုတို့က မောင်းနှင်ပေးပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနိုင်ပါတယ်။ အချစ်ရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ သဝန်တိုမှုနဲ့ လွှမ်းမိုးချုပ်ကိုင်မှု လွန်ကဲခြင်းကလည်း အပါအဝင်ပါပဲ။ အချစ်နဲ့ပတ်သက်လာရင် သဝန်တိုတာက ထုံးစံပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး သဝန်တိုပြီး လွှမ်းမိုးချုပ်ကိုင်မှု လွန်ကဲမသွားရအောင် ဂရုစိုက်သင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။
အပြောအဆိုနဲ့ လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပါ
အချစ်ရေးက ဟင်းတစ်ခွက်ဆိုရင် သဝန်တိုမှုက ဆားဖြစ်ပါတယ်။ လိုအပ်သလောက်ပဲ ထည့်မယ်ဆိုရင် အရသာပြည့်စုံပေမယ့် များသွားရင်တော့ စားကောင်းတော့မှမဟုတ်ပါဘူး။ ဘယ်လိုပဲ သဝန်တိုပါစေ၊ သင့်ပါတနာကို မထိခိုက်အောင် ပြောဆိုလုပ်ဆောင်တတ်ဖို့ လိုပါတယ်။ သင့်ရဲ့ သဝန်တိုစိတ်နဲ့ ပြောဆိုလိုက်မိတဲ့စကားတွေ၊ လုပ်လိုက်မိတဲ့ လုပ်ရပ်တွေကြောင့် သင့်ပါတနာစိတ်မှာ နာကျည်းစရာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သဝန်တိုစိတ်ဖြစ်နေချိန်မှာ အပြောအဆိုဆင်ခြင်ပါ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် သေချာပြန်စဉ်းစားပါ။
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ
ကျွန်တော်တို့အားလုံးဟာ အတိတ်ရဲ့ ထွက်ကုန်တွေဖြစ်ပါတယ်။ လက်ရှိအချိန်ဖြစ်တည်မှု အားလုံးဟာ အတိတ်ရဲ့ အကျိုးဆက်တွေချည်းပါပဲ။ ဒါပေမယ့် အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာ အကောင်းဆုံးဖြစ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာလည်း အတိတ်က အကြောင်းအရာတွေကို ပြန်အစဖော်နေမယ်ဆိုရင် လက်ရှိအချိန်မှာ ပျော်နိုင်မှာ မဟုတ်သလို နောင်ရေးအတွက်လည်း သေချာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ပြီးခဲ့တာတွေကို ပြီးပါစေတော့လို သတ်မှတ်ပြီး ခွင့်လွှတ်သင့်တာတွေကို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
အကူအညီရှာပါ
သဝန်တိုလွန်းတာ၊ လွှမ်းမိုးချုပ်ချယ်မှု များလွန်းတာကို ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ခင်မင်ရင်းနှီး ယုံကြည်စိတ်ချရသူတွေဆီက အကူအညီရယူတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ လမ်းညွှန်ချက်တွေ၊ အားပေးစကားတွေနဲ့ ထောင့်ပေါင်းစုံက အမြင်တွေက သင့်ကို မှန်ကန်ရှင်းလင်းစွာ မြင်စေနိုင်ပါတယ်။ သင့်ပါတနာအပေါ်မှာလည်း ပိုနားလည်လာနိုင်ပြီး ခွင့်လွှတ်တတ်လာမှာ ဖြစ်ပါတယ်။
ကိုယ့်ဘဝနဲ့ ကိုယ်နေပါ
အချိန်တိုင်း သင့်ပါတနာအကြောင်းပဲ စိတ်ထဲမှာရှိနေပြီး သဝန်တိုနေမယ့်အစား ကိုယ့်ဘဝနဲ့ ကိုယ်နေနိုင်အောင် ကြိုးစားပါ။ စာဖတ်ပါ။ ဝါသနာပါတာတစ်ခုခုလေ့လာလိုက်စားပါ။ သင့်ချစ်သူမရှိလည်း တစ်ယောက်ထဲ ပျော်နေနိုင်အောင် နေပါ။ သင့်ရဲ့ သီးခြားဖြစ်တည်မှု အားကောင်းလာတာနဲ့အမျှ ချစ်သူကို လွှမ်းမိုးထိန်းချုပ်မှု နည်းလာပါလိမ့်မယ်။
မိမိကိုယ်ကိုယ် ယုံကြည်ပါ။ ချစ်သူကိုလည်း ယုံကြည်မှု ထားပါ
ယုံကြည်မှုဟာ အချစ်ရေးကို ခိုင်မြဲစေတဲ့ အရာတစ်ခုပါ။ ယုံကြည်မှုကို အခြေခံတည်ဆောက်ထားတဲ့ အချစ်ရေးတိုင်းက ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ ယုံကြည်မှုလို့ ဆိုရာမှာ မိမိကိုယ်ကိုယ်လည်း ယုံကြည်ပါ ချစ်သူအပေါ်မှာလည်း ယုံကြည်မှု ရှိပါ။ များသောအားဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိရာကနေ စိတ်မလုံခြုံမှု၊ စိတ်အားငယ်မှုတို့ ဖြစ်လာပြီး သဝန်တိုမှုတွေ ကြီးမားလာတတ်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်