တစ်ခါက ပြောင်းစိုက်တောင်သူတစ်ယောက် ရှိခဲ့ပါတယ်။
သူ့စိုက်ခင်းထဲက ပြောင်းဖူးတွေဟာ အရည်အသွေးရော၊ အထွက်နှုန်းပါ ထူးခြားကောင်းမွန်တာကြောင့် နှစ်တိုင်း အကောင်းဆုံးပြောင်းခင်းဆုကို ရလေ့ရှိပါတယ်။
နှစ်စဉ်နှစ်တိုင်း တောင်သူလယ်သမားပွဲတော်ကို ဝင်ပြိုင်လေ့ရှိပြီး နှစ်တိုင်းလည်း သူ့စိုက်ခင်းက ဆုရပါတယ်။
သူ့ရဲ့ ပြောင်းခင်းဟာ ပြည်နယ်တစ်ခုလုံးမှာ နာမည်ကျော်ကြားနေတာကြောင့် သတင်းသမားတစ်ယောက် လာရောက် မေးမြန်းပါတယ်။
သတင်းသမားဟာ ပြောင်းခင်းပိုင်ရှင်ရဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို လေ့လာရင်း ထူးဆန်းတာ တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ဒါကတော့ ပြောင်းခင်းပိုင်ရှင်ဟာ သူ့ရဲ့အဖိုးတန်အရည်အသွေးကောင်းတဲ့ ပြောင်းမျိုးစေ့တွေကို ခြံနီးနားချင်း ပြောင်းစိုက်တောင်သူတွေကို ဝေမျှပေးနေတာပဲဖြစ်ပါတယ်။
သတင်းသမားက အံ့သြတကြီးနဲ့ မေးလိုက်ပါတယ်။
“ခင်ဗျား ဘာဖြစ်လို့ ပြောင်းမျိုးစေ့တွေကို လျှောက်ပေးပစ်နေတာလဲ။ သူတို့က အဲ့ဒီမျိုးစေ့တွေကို စိုက်ပြီး နောက်နှစ်ပွဲတော်မှာ ခင်ဗျားကို အနိုင်ယူသွားရင်ဘယ်လိုလုပ်မလဲ”
“ကျွန်တော်က ဘာလို့မပေးနိုင်ရမှာလဲဗျာ” ပြောင်းခင်ပိုင်ရှင်က အေးဆေးပဲ ပြန်ဖြေပါတယ်။ “ခင်ဗျား သိလား၊ ပြောင်းပင်တွေ ဖူးပွင့်တဲ့အချိန်မှာ လေနဲ့အတူ ဝတ်မှုန်ကူးလေ့ရှိတယ်လေ။ ဒီလို ဝတ်မှုန်ကူးတဲ့အချိန်မှာ သူ့စိုက်ခင်းကိုယ့်စိုက်ခင်းခွဲထားလို့ မရဘူးဗျ။ ဒါ့ကြောင့် ကျုပ်ခြံအနီးတဝိုက်က ပြောင်းစိုက်တဲ့သူတွေက အရည်အသွေးမကောင်းတဲ့ ပြောင်းမျိုးတွေကို စိုက်မယ်ဆိုရင် ပင်ခြားဝတ်မှုန်ကူးတဲ့အခါ ကျုပ်ပြောင်းခင်းက ပြောင်းဖူးတွေရဲ့ အရည်အသွေးနဲ့ အထွက်နှုန်းလည်း ကောင်းတော့မှာ မဟုတ်ဘူး။ ကျုပ်ပြောင်းတွေကို အရည်အသွေးကောင်းစေချင်ရင် အနီးဝန်းကျင်က ပြောင်းခင်းတွေလည်း အရည်အသွေးကောင်းမှ ဖြစ်မှာပေါ့” လို ရှင်းပြပါတယ်။
ပြောင်းခင်းပိုင်ရှင်ရဲ့ အဖြေကြောင့် သတင်းသမားလည်း ဘဝရဲ့ဆက်နွယ်မှုတွေကို သဘောပေါက်သွားခဲ့ပါတယ်။
ဒီသဘောတရားက ကျွန်တော်တို့ ဘဝမှာလည်း အတူတူပါပဲ။
ဘဝမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ဆိုရင် အနီးဝန်းကျင်ကလူတွေကိုလည်း အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ကူညီပေးပါ။
အချစ်ခံချင်တယ်ဆိုရင် အနီးဝန်းကျင်က လူတွေကို အရင်ချစ်ပြပါ။
အောင်မြင်တိုးတက်ချင်ရင် အောင်မြင်သူတွေနဲ့ ပေါင်းပါ။ ပတ်ဝန်းကျင်က လူတွေကို အောင်မြင်တိုးတက်အောင် ကူညီပေးပါ။
ဘဝတစ်ခုရဲ့ တန်ဖိုးဟာ အခြားဘဝတွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာပေါ်မှာ မူတည်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်