ဘာကြောင့် မချမ်းသာတာလဲ??

ဘာကြောင့် မချမ်းသာရတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေက အတိအကျမရှိတဲ့ အဖြေတစ်ခုဖြစ်ပါတယ်။

တကယ်တော့ စီးပွားရေး၊ ငွေကြေး၊ လူမှုဆက်ဆံရေး ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုရဲ့ လျို့ဝှက်ချက်တွေဆိုတာ မရှိပါဘူး။ ကြိုတင်ပြင်ဆင်ခြင်း၊ အလုပ်ကြိုးစားခြင်းနဲ့ ကျရှုံးမှုတွေကနေ သင်ခန်းစားယူပြင်ဆင်ခြင်းတို့ရဲ့ ရလဒ်တွေသာ ဖြစ်ပါတယ်။

ဒါပေမယ့် လူအများစုက ရည်မှန်းထားသမျှတွေဖြစ်လာဖို့ ဖြတ်လမ်းနည်းတွေကို အမြဲတမ်းရှာဖွေနေတတ်ကြပါတယ်။ အားစိုက်ထုတ်မှုအနည်းဆုံးနဲ့ အခက်အခဲမရှိ ဖြစ်ချင်တာကတော့ လူသားသဘာဝပါပဲ။ ဒါပေမယ့် ထီဆုကြီးပေါက်တာနဲ့ အမွေရတာကလွဲပြီး နေရင်းထိုင်ရင် ကြီးပွားချမ်းသာဖို့ကတော့ မဖြစ်နိုင်ပါဘူး။

လူတချို့က ချမ်းသာကြွယ်ဝရေးလမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းကြပါတယ်။ ဒါပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လက်လျှော့အရှုံးပေးသွားကြပါတယ်။ တချို့ကလည်း လုပ်ရင်းလည်း ရလဒ်ကောင်းတွေ မရတဲ့အခါ ဆက်မကြိုးစားကြတော့ပဲ ဒုံရင်းအတိုင်းပဲ လည်နေတတ်ပါတယ်။

ဒီတော့ ဘာကြောင့် မချမ်းသာတာလဲဆိုတာနဲ့ ပတ်သက်ပြီး အခုဖော်ပြမယ့် မေးခွန်းတွေကို မိမိကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

မေးခွန်း ၁ – စိုးရိမ်ကြောက်ရွံ့နေလို့ ငါ မချမ်းသာတာလား

စိုးရိမ်ကြောက်လန့်မှုဟာ လူအများစုကို ချမ်းသာကြွယ်ဝမှုနဲ့ အလှမ်းဝေးစေတဲ့ အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုကြောင့် လူအများစုက စီးပွားရေးလုပ်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့၊ ရင်းနှီးမြုပ်နှံဖို့ကို နှောင့်နှေးတွန့်ဆုတ်နေတတ်ကြပါတယ်။ ချမ်းသာအောင်မြင်ရေး စာအုပ်တွေသာ ဖတ်နေပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ကြောက်နေကြပါတယ်။ စွန့်စားရတာတွေ၊ အပြောင်းအလဲလုပ်ရတာတွေက ကြောက်စရာကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားကနေ ပြောင်းလဲချင်တယ်ဆိုရင်တော့ ကြောက်နေလို့မရပါဘူး။

မေးခွန်း ၂ – အဆိုးမြင်စိတ်ကြောင့် မချမ်းသာတာလား

အဆိုးမြင်စိတ်ဟာလည်း စိုးရိမ်ကြောက်ရွံ့မှုရဲ့ ပုံစံကွဲတစ်ခုပါပဲ။ မိမိကိုယ်ကိုယ် သံသယတွေ များပြီး ဘာကိုမှာ အကောင်းဆုံးမဆုံးဖြတ်နိုင်စေတဲ့ စိတ်ပါ။ တိုးတက်အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ စိတ်ကူးကောင်းတစ်ခုရှိပေမယ့် ဖြစ်မှာလည်း မဟုတ်ပါဘူးဆိုပြီး မလုပ်ဖြစ်တာမျိုး အဆိုးမြင်စိတ်များသူတွေ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိသူတွေမှာ တွေ့ရတတ်ပါတယ်။

မေးခွန်း ၃ – ပျင်းရိနေလို့ မချမ်းသာတာလား

အပျင်းကြီးတယ်လို့ ပြောလိုက်ရင် ဘယ်လိုမျိုးတွေးမိလေ့ရှိပါသလဲ။ ထိုင်ခုံပေါ်မှာ ထိုင်လိုက်၊ လှဲလိုက်နဲ့ တစ်နေကုန် တီဗွီကြည့် အချိန်ဖြုန်းနေတာကို မြင်ပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ကို ပျင်းတယ်လို့ပြောရင် ဒေါသထွက်စရာပါပဲ။ ဒါပေမယ့် ပျင်းရိမှုက နည်းလမ်းမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။ အလုပ်အရမ်းများတယ်ဆိုတဲ့ လူတွေက တကယ်တော့ ပျင်းရိသူတွေပါပဲ။ သူတို့ဟာ အလုပ်များလွန်းလို့ အရေးကြီးတာတွေကို မလုပ်နိုင်ဘူးလို့ ပြောလေ့ရှိပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလောက်လုပ်ပြီး ပြန်လာတာနဲ့ ဘာမှမလုပ်တာကလည်း ပျင်းတာပါပဲ။ ဒီလိုလူတွေ အလုပ်များတာက တီဗွီကြည့်နေရတာ၊ ဈေးဝယ်ထွက်နေရတာ စသဖြင့် အရေးမကြီးတဲ့ကိစ္စတွေနဲ့ အလုပ်များနေပြီး အရေးကြီးတာတွေကို လျစ်လျူရှုထားဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ ငါ အလုပ်များနေတာ မှန်ကန်ရဲ့လား။ တကယ်အကျိုးရှိရဲ့လားဆိုတာ ပြန်စဉ်းစားပါ။

မေးခွန်း ၄ – အကျင့်ဆိုးတွေကြောင့် မချမ်းသာတာလား

အလေ့အကျင့်တွေက အနာဂတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ အကျင့်ဆိုးတွေကြောင့် သင့်အနာဂတ်လမ်းကြောင်းက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့တိုးတက်မှုကို နှောင့်နှေးအောင်လည်း လုပ်နိုင်ပါသေးတယ်။ အကျင့်ဆိုးတွေက ဖျောက်ဖျက်ရခက်တာကြောင့် သေချာစည်းကမ်းချမှတ်ပြီး စဉ်ဆက်မပြတ်အားထုတ်ဖို့ လိုပါတယ်။ အချိန်ဆွဲတတ်တဲ့ အကျင့်တွေ၊ ငွေကြေးဆိုင်ရာ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပါ။

မေးခွန်း ၅ – မောက်မာထောင်လွှားလို့ မချမ်းသာတာလား

လူတစ်ယောက်ဟာ မောက်မာထောင်လွှားလွန်းတဲ့အခါမှာ ဘာအရေးကြီးလဲဆိုတာ မမြင်နိုင်တော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ရတတ်ပါတယ်။ ဒါ့ကြောင့် ချမ်းသာချင်ရင် မိမိကိုယ်ကိုယ် နှိမ့်ချပါ။ ရိုးရိုးသားနေပါ။

အခုဖော်ပြခဲ့တဲ့ မေးခွန်းတွေထဲက တစ်ခုခုနဲ့ ညှိနေမယ်ဆိုရင် စိတ်ညစ်မသွားပါနဲ့။ သင့်မှာ ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။ ဒါ့ကြောင့် အတားအဆီးတွေက သင့်ကို အနိုင်မယူသွားခင်မှာ လိုအပ်တဲ့ ပြောင်းလဲပြင်ဆင်မှုတွေ လုပ်ပြီး ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို

Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

Related Posts

%%footer%%