ပုံမှန်လခစားဝန်ထမ်းတွေအနေနဲ့ လမကုန်ခင် အသုံးစရိတ်ပြတ်သွားတာမျိုး ကြုံရတတ်ပါတယ်။ လစာတစ်ခုကနေ တစ်ခုကို မူတည်ပြီး ရှင်သန်နေရတာက သင်လိုချင်တဲ့ ငွေကြေးအပူအပင်လွတ်မြောက်မှုကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ပါဘူး။ လမကုန်ခင် လစာကုန်မသွားစေဖို့ ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
သင့်အနေနဲ့ လကုန်ရက်နားနီးလာပြီဆိုရင် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက ချေးငှားပြီးသုံးနေရပြီဆိုရင် ငွေသုံးစွဲမှုနဲ့ပတ်သတ်ပြီး အာရုံစိုက်ပြုပြင်ပြောင်းလဲဖို့ လိုနေပါပြီ။
လစာနည်းတာကြောင့်ဆိုပြီး ဆင်ခြေမပေးပါနဲ့။ လစဉ်အသုံးစရိတ်အလျင်မမှီရတဲ့ အကြောင်းရင်းအများစုက ငွေသုံးစွဲပုံနည်းလမ်း မမှန်လို့ပဲဖြစ်ပါတယ်။ ဒီလို ပြတ်တုန်းလပ်တုန်း နှစ့်ဆယ်သုံးဘဝကနေ လွတ်မြောက်ချင်တယ်ဆိုရင် ငွေကြေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်တွေ ချရမလဲဆိုတာ လေ့လာလိုက်ပါ။
၁။ အသုံးစရိတ်အစီအစဉ်အတိုင်းသုံးဖို့ ဆုံးဖြတ်ပါ။
လမကုန်ခင် လစာကုန်မသွားစေချင်ရင် အရင်ဆုံးလုပ်ဆောင်ရမှာက သင့်ရဲ့ လစဉ်အသုံးစရိတ်တွေကို စနစ်တကျ အစီအစဉ်လုပ်ထားဖို့ပဲဖြစ်ပါတယ်။ တစ်လစာအတွက် လမ်းစရိတ်ဘယ်လောက်သုံးမယ်၊ စားစရိတ်ဘယ်လောက်သုံးမယ်၊ အဝတ်အစားအတွက်၊ အိမ်လခအတွက် စသဖြင့် အသုံးစရိတ်တွေကို ကြိုတင်သတ်မှတ်ထားဖို့ လိုပါတယ်။ အရင်ဆုံး မဖြစ်မနေကုန်ကျမယ့် အိမ်လခ၊ တစ်လစာ စားစရိတ်၊ လမ်းစရိတ်စတာတွေကို အရင်ဖယ်ထားပါ။ ကျန်တဲ့ငွေကိုလည်း လိုချင်တာတွေထက် လိုအပ်တာတွေကို ပိုသုံးဖို့ စီစဉ်ထားပါ။ သတ်မှတ်ထားတဲ့ အသုံးစရိတ်အစီအစဉ်အတိုင်း အတိအကျလိုက်နာသုံးစွဲပါ။
၂။ အသုံးအစွဲ ဆင်ခြင်ဖို့ ဆုံးဖြတ်ပါ။
သင့်အနေနဲ့ လစဉ်အသုံးစရိတ်မလောက်မငှဖြစ်နေရတဲ့အကြောင်းရင်းက လိုအပ်တာထက် လိုချင်တာတွေကို ပိုသုံးနေတာကြောင့်လား၊ သင့်ထက်ဝင်ငွေပိုရသူတွေလို သုံးစွဲနေလို့လားဆိုတာ ပြန်လည်သုံးသပ်ပါ။ သင့်အနေနဲ့ တတ်နိုင်လို့သုံးတာက ကိစ္စမရှိပါဘူး။ သင့်ဝင်ငွေနဲ့ မမျှတဲ့အသုံးစရိတ်တွေနဲ့ ဘဝနေထိုင်မှုပုံစံကို နေထိုင်နေတာဆိုရင်တော့ ဆင်ခြင်ဖို့ လိုအပ်နေပါပြီ။
၃။ ထမင်းဘူးထည့်ဖို့ ဆုံးဖြတ်ပါ။
အလုပ်သွားတဲ့အခါ နေ့လည်စာကို အပြင်ကဝယ်စားတာက အကုန်အကျများတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နောက်ဆုံး ရွေးချယ်စရာ မရှိမှ ဆိုင်မှာဝယ်စားသင့်ပါတယ်။ တတ်နိုင်သမျှ အိမ်ကနေချက်ပြုတ်ပြီး ထမင်းဘူးထည့်ပါ။ ကုန်ကျစရိတ်လည်း ချွေတာနိုင်သလို ကျန်းမာရေးအတွက်လည်း ပိုသင့်တော်ပါတယ်။
၄။ ဘေးပေါက်အလုပ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်ပါ။
လခလစာနည်းပြီး အသုံးစရိတ်တွေ လျှော့ချဖြတ်တောက်ရုံနဲ့ အဆင်မပြေဘူးဆိုရင် ပုံမှန်အလုပ်တစ်ခု အပြင် နောက်ထပ်အပိုဝင်ငွေရနိုင်မယ့် အလုပ်တစ်ခုခုလုပ်သင့်ပါတယ်။ ဒါဆိုရင် ငွေပိုငွေလျှံလည်း ပိုရနိုင်သလို ငွေကုန်ကြေးကျများတဲ့ အချိန်ဖြုန်းစရာကိစ္စတွေလည်း နည်းသွားမှာဖြစ်ပါတယ်။
၅။ လကုန်ခါနီးမှ သုံးဖို့ ဖြုန်းဖို့ ဆုံးဖြတ်ပါ။
လမကုန်ခင် လစာကုန်မသွားချင်ရင် အသုံးအစွဲဆင်ခြင်ဖို့ တိုက်တွန်းနေပေမယ့် သင့်ကို ပျော်ရွှင်စေမယ့်အရာလေးတွေ မလုပ်ရဘူးလို့ မဆိုလိုပါဘူူး။ လူအများစုက လစာထုတ်ရက်မှာ လက်ထဲငွေရောက်လာပြီဆိုတာနဲ့ သုံးချင်ဖြုန်းချင်စိတ်တွေကို ထိန်းမထားတတ်ကြတော့ပါဘူး။ ဒီလိုမလုပ်ပဲ လကုန်ခါနီး ပိုက်ဆံပိုမှ သုံးဖို့ ဖြုန်းဖို့ ဆုံးဖြတ်ပါ။ အကောင်းဆုံးက သင့်ရဲ့ အသုံးစရိတ်အစီအစဉ်အတိုင်း စိစိစစ်စစ်သုံးစွဲပြီး ရက် ၂၀ ကျော်လာချိန်မှာ လက်ကျန်ရက်အတွက် အသုံးစရိတ်အပြင် ငွေပိုငွေလျှံလေးရှိနေဦးမယ်ဆိုရင် သင့်ကိုပျော်ရွှင်စေမယ့် အရာတွေလုပ်ဖို့ပဲ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။