လစဉ်အသုံးစရိတ်တွေ မလောက်မငှဖြစ်ပြီး စိတ်ပင်ပန်းနေပါသလား။ လစာတစ်ခုပေါ်မှာ ရပ်တည်နေရပြီး ငွေပိုငွေလျှံမရှိဘူးဆိုရင် ဒီအခြေအနေကနေ ရုန်းထွက်ဖို့က ခက်ခဲနိုင်ပါတယ်။ သင့်ရဲ့ ငွေကြေးအခြေအနေပိုမိုကောင်းမွန်လာစေချင်တယ်ဆိုရင် အခုဖော်ပြမယ့် အချက်တွေကို လက်တွေ့လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ အသုံးစရိတ်အစီအစဉ်ရေးဆွဲပါ။
သင့်အနေနဲ့ တပြာမကျန်သုံးနေရပြီး ငွေပိုငွေလျှံမရှိတာကြောင့် အသုံးစရိတ်ကို စီမံစရာမလိုဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အသုံးစရိတ်အစီအစဉ်ရေးဆွဲခြင်းက သင့်လက်ထဲက ငွေကြေး တစ်ကျပ်တစ်ပြားဆီတိုင်းကို ဘယ်နေရာမှာ ဘယ်လိုသုံးစွဲမယ်ဆိုတာ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပါတယ်။
အသုံးစရိတ်အစီအစဉ်ရေးဆွဲသတ်မှတ်ထားခြင်းက ငွေကြေးကို အရေးကြီးတာတွေအတွက် စနစ်တကျ သုံးစွဲတတ်လာစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသုံးစရိတ်တွေကိုလည်း စောင့်ကြည့်မှတ်သားထားဖို့ လိုပါတယ်။ ဒါမှသာ မလိုအပ်တဲ့ အသုံးစရိတ်တွေ၊ အရေးမကြီးတဲ့ အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ပြီး အရေးကြီးတဲ့နေရာတွေမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
၂။ ငွေပိုရှာနိုင်မယ့် နည်းလမ်းတွေ ရှာပါ။
လက်ရှိဝင်ငွေက လိုအပ်ချက်တွေကို ကာမိဖို့၊ ငွေစုဆောင်းဖို့ မလုံလောက်ဘူးဆိုရင် ဝင်ငွေပိုရနိုင်မယ့် နည်းလမ်းတွေကို ရှာရမှာဖြစ်ပါတယ်။ အချိန်ပိုတွေမှာ နောက်ထပ် အလုပ်တစ်ခုလုပ်တာက သင့်ရဲ့ကုန်ကျစရိတ်တွေကို ဖြည့်ဆည်းပေးဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရေရှည်အတွက်တွေးပြီး လက်ရှိအလုပ်ကနေ ဝင်ငွေပိုရနိုင်မယ့် အခြားအလုပ်အကိုင်တစ်ခုခုကို ပြောင်းလဲဖို့လည်း စဉ်းစားသင့်ပါတယ်။
၃။ ငွေစုဆောင်းဖို့ ဦးစားပေးပါ။
အခုကစပြီး ငွေစုပါ။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စုဖြစ်အောင်စုပါ။ ပထမဆုံးအနေနဲ့ သင့်အတွက် အရေးပေါ်အခြေအနေတွေမှာ သုံးစွဲဖို့ အရေးပေါ်ရန်ပုံငွေကို အရင်စုပါ။ အနည်းဆုံး လစဉ်မဖြစ်မနေကုန်ကျရမယ့် ကုန်ကျစရိတ်အတိုင်း ခြောက်လစာရှိတဲ့အထိ အရေးပေါ်ရန်ပုံငွေအဖြစ် စုဆောင်းထားပါ။ နောက်တစ်ခုက လက်ရှိငွေကြေးကုန်ကျနေတဲ့ ကိစ္စတွေမှာ ငွေကို ဘယ်လိုချွေတာနိုင်မလဲဆိုတာ စဉ်းစားပါ။ စားသောက်ဆိုင်တွေမှာ မစားပဲ အိမ်မှာပဲ စားတာ၊ ဘာကိုပဲဝယ်ဝယ် အရည်အသွေးချင်းတူပြီး ဈေးနှုန်းပိုသက်သာနိုင်တာကို ရှာတာ စသဖြင့် တတ်နိုင်သမျှ ချွေတာစုဆောင်းပါ။
၄။ အကြွေးတင်မခံပါနဲ့။
ငွေကြေးအကြပ်တည်းတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် အကြွေးမယူပါနဲ့။ အကြွေးဝယ်ကဒ်တွေလည်း မသုံးပါနဲ့။ ငွေကို ချေးသုံးရတာ လွယ်ပါတယ်။ ပြန်ဆပ်ဖို့သာ ခက်ခဲတာဖြစ်ပါတယ်။ ဒါ့ကြောင့် မလိုအပ်ပဲ အကြွေးတင်မခံပါနဲ့။
၅။ လက်ရှိအကြွေးတွေကို ဆပ်ပါ။
ပြန်လည်ပေးဆပ်စရာ အကြွေးတွေ ရှိနေသ၍ ငွေကြေးချမ်းသာမှုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိအခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင် အကြွေးတွေကို ဦးစားပေးဆပ်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
အခြားစိတ်ဝင်စားစရာ ဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။