အစစအရာရာ လွှမ်းမိုးချုပ်ချယ်တတ်တဲ့ ချစ်သူမိန်းကလေးတွေဟာ သံသယစိတ်များပြီး စိတ်လုံခြုံမှု မရှိသူတွေ ဖြစ်တတ်ပါတယ်။ သင် ဘာပဲလုပ်လုပ် ထိုင်ရာကထလိုက်တာနဲ့ မေးခွန်းထုတ်ပြီး သံသယအတွေးတွေ တွေးနေပါလိမ့်မယ်။
ဘာမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုအတွက် သူမ ဘယ်လိုတုံ့ပြန်မလဲစိုးရိမ်နေရတာ၊ သူမ မသိအောင် ဖုန်းကွယ်သိုဝှက်နေတာတွေက ခဏတာအတွက်ပဲ အဆင်ပြေနိုင်မယ့် ဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။ ရေရှည်အတွက် အသုံးမဝင်နိုင်ပါဘူး။ ဒါ့ကြောင့် သင့်မှာ ချုပ်ချယ်လွန်းတဲ့ ချစ်သူမိန်းကလေးမျိုးရှိခဲ့ရင် ဘယ်လိုဆက်ဆံရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
၁။ သူမကို လုံခြုံစိတ်ချမှုခံစားရအောင် လုပ်ပါ။
နှစ်ဦးသားအချစ်ရေးကို စိတ်မချတဲ့ မိန်းကလေးတစ်ယောက်က အချိန်မရွေးပေါက်ကွဲထွက်နိုင်ပါတယ်။ ဒီလို မဖြစ်ချင်ဘူးဆိုရင် သူမအတွက် စိတ်ချလုံခြုံမှုကို ခံစားရအောင် လုပ်ပေးဖို့ လိုပါတယ်။ သူမနဲ့ အတူထိုင်ပြီး ထင်နေတာတွေက အမှန်တကယ်မဟုတ်ကြောင်း သူမအပေါ်မှာ မရိုးမသားလုံးဝမလုပ်ဘူးဆိုတဲ့အကြောင်း ပြောပြပါ။ သူမရဲ့ ယုံကြည်မှုကို ရဖို့က အဓိကအချက်ဖြစ်ပါတယ်။
၂။ သင့်ရဲ့ မိန်းကလေး အသိမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပါ။
သင့်ရဲ့ ချစ်သူမိန်းကလေးနဲ့ မိန်းကလေးသူငယ်ချင်းတွေကြားထဲမှာ ဆက်ဆံရေးကောင်းတစ်ခု ရှိဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလို မဖြစ်ဖြစ်အောင် ကြိုးစားရမှာက သင့်တာဝန်ပါပဲ။ သံသယဝင်တာတွေ၊ မနာလိုဖြစ်တာတွေ မလာခင်မှာ သူတို့အချင်းချင်းရင်းနှီးသွားအောင် မိတ်ဆက်ပေးလိုက်ပါ။
၃။ ကိုယ်ပိုင်နေရာဆိုတဲ့ သဘောတရားကို နားလည်အောင် ရှင်းပြပါ။
အချိန်တိုင်း အမြဲတမ်းအတူတူရှိနေတာ၊ တပူးပူးတတွဲတွဲရှိနေတာက ကြာလာရင် သင်တို့အချစ်ရေးကို ထိခိုက်နိုင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ဘာသာကိုယ် တစ်ယောက်ရှိနေချင်တဲ့ ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အချိန်လိုအပ်ပါတယ်။ ဒီလို ကိုယ်ပိုင်အချိန်တွေက သူမကို စိတ်မဝင်စားတော့လို့ တစ်ယောက်ထဲ ရှိနေတာ မဟုတ်ကြောင်း ရှင်းပြပါ။ သူမအတွက်လည်း တစ်ကိုယ်ရည်တိုးတက်မှုကို ရှာဖွေဖို့ ကိုယ်ပိုင်အချိန်ရှိသင့်ကြောင်း ရှင်းပြပါ။ အခြားသူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေကိုလည်း အချိန်ပေးဖို့ လိုအပ်ကြောင်း ပြောပြပါ။
၄။ မလိမ်ညာပါနဲ့၊ မဖုံးကွယ်ပါနဲ့။
အချစ်ရေးတစ်ခုကို အဆုံးသတ်နိုင်တာတစ်ခုက လိမ်ညာမုသားတွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့အပြုအမူတစ်ခုက သူမကို စိတ်ဆိုးစေပြီး ရန်ဖြစ်စကားများမှာကို ရှောင်ချင်လို့ လိမ်ညာလိုက်တာက အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အမှန်အတိုင်းပြောလို့လည်း ပြေပြေလည်လည်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လိမ်ညာလိုက်တာထက် အများကြီး ပိုအဆင်ပြေနိုင်ပါတယ်။
၅။ သူမအတွက် လုံလောက်တဲ့အချိန်ပေးပါ။
ဒီအချက်က မပြောလည်း သိသင့်ပါတယ်။ သူမအတွက် လုံလောက်တဲ့အချိန်ပေးပြီး သင့်ခေါင်းထဲမှာရော သင့်ရင်ဘတ်ထဲမှာမှာ သူမတစ်ယောက်ပဲ ရှိနေတယ်ဆိုတာ ယုံကြည်နေမယ်ဆိုရင် သင့်ကို မလိုအပ်ပဲ သံသယတွေ ဝင်နေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သူမကို ပျော်ရွှင်ကျေနပ်စေပြီး ပြဿနာလုပ်ဖို့ မေ့နေစေပါလိမ့်မယ်။
သင့်မှာလည်း အရမ်းချုပ်ချယ်တတ်တဲ့ ချစ်သူကောင်မလေးရှိတယ်ဆိုရင် ဘယ်လိုဆက်ဆံရမလဲဆိုတာ သေချာလေ့လာအသုံးချပါ။ ဒီကိစ္စက ပြီးပြီးရော ရှောင်နေလို့မရပါဘူး။ ရင်ဆိုင်ဖြေရှင်းလိုက်မှ ရေရှည်လက်တွဲလို့ရမယ်ဆိုတာကို မမေ့ပါနဲ့။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine