အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ ကိုယ့်လူတို့။
ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် နုပျိုလန်းဆန်းပြီး ကြည့်ကောင်းနေစေဖို့ အသုံးဝင်မယ့်နည်းလမ်း (၉)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ။
နေရောင်ခြည်က သင့်မျက်နှာနဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ လေ့လာမှုတွေအရ အသားအရေ အိုမင်းပျက်စီးလာရခြင်းရဲ့ ၈၀ ရာခိုင်နှုန်းက နေရောင်ခြည်ကြောင့်လို့ ဆိုပါတယ်။ အသားအရေမှာ အစက်အပျောက်တွေ၊ အရေးအကြောင်းတွေနဲ့ နေလောင်ကွက်တွေပေါ်လာခြင်းရဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်ကို ကာကွယ်ဖို့ နေလောင်ခံခရင်မ်သုံးပါ။ အသားအရေကို အားပြည့်စေမယ့် မျက်နှာသစ်ဆေး၊ အစိုဓာတ်ထိမ်းခရင်မ်တွေသုံးပါ။
၂။ သွားကျန်းမာရေးအတွက် ငွေမနှမြောပါနဲ့။
ကျန်းမာကြံ့ခိုင်ပြီး ဖြူစင်တဲ့ သွားတွေ ရှိခြင်းက ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို နှစ်ကြိမ်သွားပုံမှန် တိုက်သင့်သလို ခြောက်လတစ်ကြိမ်လောက် သွားဆရာဝန်ဆီမှာ စစ်ဆေးမှု ခံယူသင့်ပါတယ်။ သွားနဲ့ပတ်သက်လာပြီး ကုန်ကျမယ့် ပိုက်ဆံကို မနှမြောပါနဲ့။ သင့်အပြုံးတွေ ကြည့်ကောင်းလှပနေစေဖို့ သုံးစွဲသင့်ပါတယ်။
၃။ လေ့ကျင့်ခန်းလုပ်ပါ။
ဒီအချက်က မဖြစ်မနေပါလာမယ်ဆိုတာ သိနိုင်ပါတယ်။ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်မလုပ်ဘူးဆိုရင် ခန္ဓာကိုယ် ကြွက်သားတွေ ဆုံးရှုံးလာပြီး ပုံပျက်ပန်းပျက်ဖြစ်လာမှာ သေချာပါတယ်။ ဒါဆိုရင် ဘယ်လိုမှ ကြည့်ကောင်းနိုင်မှာ မဟုတ်ပါဘူး။
၄။ တစ်ကိုယ်ရည်ပြင်ဆင်ထိန်းသိမ်းမှု ပုံမှန်လုပ်ပါ။
အရွယ်တင်နုပျိုပြီး ကြည့်ကောင်းနေစေဖို့ သင့်ကိုယ်သင် ဂရုတစိုက် ပြင်ဆင်ထိန်းသိမ်းနေဖို့ လိုပါတယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတစ်ခုလို့ သတ်မှတ်လုပ်ဆောင်ပါ။ မျက်နှာအမွှေးအမျှင်တွေကို သပ်သပ်ရပ်ရပ် ရိတ်သင်ပါ။ တိဖြတ်ပါ။ လက်လည်းခြေသည်းတွေ ပုံမှန်ညှပ်ပါ။ အသားအရေထိန်းသိမ်းမှု ပုံမှန်လုပ်ဆောင်ပါ။ ပုံမှန်ခေါင်းလျှော်ပါ။
၅။ အိပ်ရေး၀၀အိပ်စက်ပါ။
ဘယ်လောက်အလုပ်များများ အိပ်ရေး၀၀ အိပ်စက်ဖို့ကို ဆင်ခြေမပေးပါနဲ့။ ပုံမှန်အိပ်ချိန်သတ်မှတ်ပြီး အိပ်ရေး၀၀ အိပ်စက်တာက အရွယ်တင်နုပျိုစေတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတစ်ခုအရ တစ်ရက်ကို အိပ်ချိန် ၆ နာရီထက်နည်းသူတွေက အရွယ်မတိုင်ခင်သေဆုံးနိုင်ချေ ၁၂ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ တစ်ရက်ကို အိပ်ချိန် ၈ နာရီထက်ပိုအိပ်ရင်လည်း အရွယ်မတိုင်ချင် သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။ ဒါ့ကြောင့် တစ်ရက် အိပ်ချိန် ၇ နာရီကနေ ၈ နာရီလောက်ထိ ရှိဖို့ အရေးကြီးပါတယ်။ အိပ်ရေးဝနေခြင်းက သင့်ရဲ့ ဆာလောင်မွတ်သိပ်မှု၊ ကိုယ်ခံအား၊ မှတ်ဉာဏ်စွမ်းရည်တွေအပေါ်မှာ ထိန်းချုပ်နိုင်စွမ်း ပိုရှိလာစေပါတယ်။
၆။ မှန်ကန်တဲ့ ဆံပင်ပုံစံကို ရှာပါ။
သင့်ရဲ့ ဆံပင်က အဝတ်အစားတွေနဲ့ မတူပါဘူး။ အမြဲတမ်း သင့်ခေါင်းထက်မှာ ရှိနေမှာပါ။ ဒါ့ကြောင့် ပုံစံကျ ကြည့်ကောင်းနေဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ အသက်အရွယ်၊ မျက်နှာ၊ ခန္ဓာကိုယ်အနေအထားနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်ပါ။
၇။ တရားထိုင်ပါ။
တရားထိုင်ခြင်းက စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားစေပါတယ်။ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုများခြင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် ပုံမှန်တရားထိုင်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။
၈။ စိတ်အားထက်သန်ရာကို ရှာဖွေပါ။
သင့်ကို ပျော်ရွှင်စေတဲ့ ဝါသနာတွေ၊ လုပ်နေရရင် အချိန်ကုန်လို့ကုန်သွားမှန်းမသိတော့တဲ့ စိတ်အားထက်သန်ရာ အလုပ်တွေက စိတ်ရောကိုယ်ပါ လန်းဆန်းနုပျိုစေနိုင်ပါတယ်။ ဒါ့ကြောင့် ဝါသနာပါတဲ့ အလုပ်တွေ လုပ်ဖို့ အချိန်ပေးပါ။ စာဖတ်တာ၊ အားကစားတစ်ခုခုလုပ်တာ၊ ခရီးသွားတာ စသဖြင့် ဘာပဲဖြစ်ဖြစ် အရေးကြီးတာက သင့်ကို ပျော်ရွှင်စေတာတစ်ခုခု လုပ်ဖို့ပါပဲ။
၉။ အကောင်းမြင်စိတ်မွေးပါ။
သင့်ဘဝရဲ့ ပျော်ရွှင်မှုက သင့်အတွေးအခေါ်ပေါ်မှာ မူတည်တယ်လို့ Marcus Aurelius က ပြောခဲ့ဖူးပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင် အကောင်းမြင်စိတ်များများမွေးပါ။ အငြင်းခံရတိုင်း စိတ်ပျက်အားငယ်မနေပါနဲ့။ လူတိုင်း အငြင်းခံခဲ့ရဖူးပါတယ်။ ဘဝမှာ အသိအမှတ်ပြု ကျေးဇူးတင်စရာတွေကို ကျေးဇူးတင်ပါ။ စိန်ခေါ်မှုတွေကို ပြန်သုံးသပ်ပါ။ အခြားသူတွေကို ပျော်အောင်လုပ်ပါ။ သင်ကိုယ်တိုင်လည်း ပျော်ရပါလိမ့်မယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine