“အခြားသူတွေ ဘယ်လိုထင်မလဲဆိုတာ ဂရုစိုက်နေမယ်ဆိုရင်
မင်းက သူတို့ရဲ့အကျဉ်းသားဖြစ်နေလိမ့်မယ်”
ဒီစကားက တရုတ်တွေးခေါ်ပညာရှင် Lao Tzu က ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
အခြားသူတွေရဲ့ သဘောကျလက်ခံတာကို လိုချင်တာက လူသားတွေရဲ့ သဘာဝပါပဲ။ ဒီလိုကနေတဆင့် တခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်လာတတ်ပါတယ်။
ဒီလို စိုးရိမ်နေတာက သင့်ဘဝအပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ သင့်ရဲ့ စွမ်းဆောင်ရည်၊ အရည်အချင်းတွေကိုလည်း ကျဆင်းသွားစေနိုင်ပြီး ဖြစ်နိုင်ချေကို အပြည့်အဝလုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။
ဒါ့ကြောင့် အခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို အချိန်တိုင်း ဂရုစိုက်မနေသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဒါက သူတို့ဘဝမဟုတ်ဘူး။ သူတို့ အပူမပါဘူး။
သင့်ဘဝက သင်ကိုယ်တိုင်ပဲ ပိုင်ဆိုင်ပါတယ်။ သင့်ဘ၀ ပြောင်းလဲဖို့ လူတွေရဲ့ ထင်မြင်ယူဆချက်တွေထက် သင်ကိုယ်တိုင် ဆုံးဖြတ်အားထုတ်မှုတွေက ပိုအရေးကြီးပါတယ်။
၂။ သင် ဘယ်နေရာအကောင်းဆုံးလဲဆိုတာ သူတို့မသိဘူး။
ဘယ်သူတစ်ဦးတစ်ယောက်က သင့်အကြောင်းကို သင့်ထက်ပိုပြီးမသိနိုင်ပါဘူး။ သင်ကိုယ်တိုင်ပဲ အကောင်းဆုံး သိနိုင်ပါတယ်။ ဒါ့ကြောင့် ဘာကိုပဲ လုပ်လုပ် သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။ လက်တွေ့လုပ်ဆောင်ပါ။ တာဝန်ယူပါ။ ကျရှုံးသွားခဲ့ရင် သင်ခန်းစာယူပါ။
၃။ အခြားသူတွေအတွက် မှန်တာက သင့်အတွက် မှားနေနိုင်တယ်။
အခြားသူတစ်ယောက်ရဲ့ ထင်မြင်ချက်က သူ့ရဲ့ အတွေ့အကြုံပေါ်မှာ အခြေခံထားတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် သူ့အတွက် မှန်ကန်ပေမယ့် သင့်အတွက် မှားယွင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်အတွက် အမှိုက်က အခြားတစ်ယောက်အတွက် ရွှေဖြစ်နေနိုင်သလို သူတို့အမြင်မှာ အသုံးမဝင်ဘူးထင်တဲ့ စိတ်ကူးတစ်ခုက သင့်အတွက် အောင်မြင်မှုလမ်းစဖြစ်နေနိုင်ပါတယ်။
၄။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အတားအဆီးဖြစ်စေတယ်။
အခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို အမြဲတမ်း စိုးရိမ်ပူပန်နေမယ်ဆိုရင် သင့်ဘဝမှာ အရောက်လှမ်းချင်တဲ့ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ ကိုယ်ပိုင်စိတ်ကူးအိပ်မက်ကို အကောင်းအထည်ဖော်ဖို့ အခြားသူတွေသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အမြဲကိုက်ညီနေဖို့ မဖြစ်နိုင်ပါဘူး။
၅။ နောက်ဆုံးကျ ဒုက္ခရောက်မှာ သင်ကိုယ်တိုင်ပဲ။
သင့်ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို သင်ကိုယ်တိုင်ပဲ ခံစားရမှာပါ။ ဘယ်သူကမှ လာဝင်ခံပေးမှာ မဟုတ်ပါဘူး။ လူတွေက သူတို့ရဲ့ အမြင်တွေ၊ အကြံဉာဏ်တွေကို ပေးတဲ့အခါ သူတို့ကိုယ်တိုင် မလုပ်ရဲ၊ မစွန့်စားရဲတာတွေကို ပြောတတ်ကြပါတယ်။ နောက်ဆုံး အခက်ကြုံရတဲ့အခါ သင်ကိုယ်တိုင်ပဲ ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာ မမေ့ပါနဲ့။
၆။ လူတွေရဲ့ အထင်အမြင်က အမြဲတမ်းပြောင်းလဲနေတယ်။
လူသားတွေဟာ အမြဲတမ်းပြောင်းလဲနေကြပါတယ်။ ဒါ့ကြောင့် သင့်လုပ်ရပ်၊ စိတ်ကူးတစ်ခုအတွက် အခုချိန်မှာ မကောင်းမြင်နေတဲ့ လူတစ်ယောက်က သိပ်မကြာခင်မှာ အားပေးထောက်ခံသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
၇။ ဘဝက တိုတောင်းလွန်းတယ်။
တိုတောင်းလွန်းတဲ့ သင့်ဘဝကို အခြားသူတွေ ဘယ်လိုမြင်မလဲဆိုတာ စိုးရိမ်နေရင်း ကုန်ဆုံးမသွားပါစေနဲ့။ လုပ်ချင်တာကို လုပ်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပါ။ အခု သင့်ကို မျိုးစုံထင်မြင်နေကြသူတွေကို နောက်တစ်နှစ်နေရင်တောင် တွေ့ချင်မှ တွေ့ရမှာပါ။
၈။ သင်ထင်ထားသလောက် သူတို့က ဂရုမစိုက်ကြဘူး။
လူတွေက ပုံမှန်အားဖြင့် ကိုယ့်အကြောင်းကိုယ်က လွဲပြီး အခြားသူတွေအကြောင်းကို ဂရုမစိုက်ကြပါဘူး။ ဒါက ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါ့ကြောင့် သူတို့က သင့်အပေါ်ဂရုစိုက်တယ်လို့ ထင်ပြီး သူတို့အမြင်ကို အချိန်တိုင်း ထည့်သွင်းစဉ်းစားနေစရာမလိုပါဘူး။
၉။ လူတိုင်းကို ကျေနပ်စေဖို့ မဖြစ်နိုင်ဘူး။
သင့်အနေနဲ့ လူတိုင်းကို တစ်ချိန်ထဲမှာ ကျေနပ်အောင် ဘယ်လိုမှမလုပ်နိုင်ပါဘူး။ တချို့က သင့်လုပ်ရပ်ကို လက်ခံသလို ကန့်ကွက်တဲ့သူတွေလည်း ရှိနေမှာပါပဲ။ ဒါ့ကြောင့် လူတိုင်းကျေနပ်အောင် လုပ်ရင်း ကိုယ့်ဒုက္ခကိုယ်ရှာမနေပါနဲ့။ အကောင်းဆုံးဖြစ်မယ်ထင်တာကိုသာ လုပ်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine