ငွေကြေးကို ချွေတာစုဆောင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက မိမိကိုယ်ကိုယ် အရင်ဆုံးပေးတဲ့နည်းလမ်းဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် အရင်ပေးတယ်ဆိုတာက သင့်ဝင်ငွေထဲက ပမာဏတစ်ခုကို မသုံးမိအောင် ဖယ်ပြီးစုဆောင်းထားတာကို ဆိုလိုပါတယ်။
သေချာစဉ်းစားကြည့်မယ်ဆိုရင် သင့်ရဲ့ ဝင်ငွေအားလုံးက သင်ပိုင်တဲ့ ငွေကြေးမဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မဖြစ်မနေပေးချေရမယ့် ကုန်ကျစရိတ်တွေ ရှိနေတာကြောင့်ပါ။ လစာဝင်ငွေရလာပြီဆိုတာနဲ့ အခွန်အခတွေ၊ နေထိုင်စရိတ်တွေ၊ စားသောက်စရိတ်တွေနဲ့ မိသားစုအတွက်စသဖြင့် ကုန်ကျစရာတွေကို ပေးချေသုံးစွဲရမှာဖြစ်ပါတယ်။ ဝင်ငွေအားလုံးကို သင်လိုအပ်တာ၊ လိုချင်တာတွေအတွက် သုံးစွဲလိုက်ရင် သင့်အတွက် ကိုယ်ပိုင်ငွေကြေးအဖြစ် ဘာမှကျန်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ကိုယ်သင်အရင်ပေးဖို့ လိုပါတယ်။
သင့်ကိုယ်သင် အရင်ဆုံးပေးဖို့အတွက် ဖော်မြူလာတစ်ခုက –
ဝင်ငွေ – စုငွေ = အသုံးစရိတ်ဖြစ်ပါတယ်။
ဝင်ငွေရလာတာနဲ့ အရင်စုပါ၊ ပိုတဲ့ငွေကိုပဲ သုံးပါ။ သင့်ရဲ့ဝင်ငွေကို သင့်အတွက်အရင်ဆုံးပေးသင့်တဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။
၁။ လူချမ်းသာအများစု ချမ်းသာလာဖို့ စတင်သုံးစွဲခဲ့တဲ့ နည်းလမ်းဖြစ်တယ်။
လေ့လာဆန်းစစ်မှုတစ်ခုအရ လူချမ်းသာအများစုဟာ သူတို့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို သူတို့အတွက် အရင်ဆုံးပေးပြီး ချမ်းသာလာကြသူတွေလို့ ဆိုပါတယ်။
၂။ စမ်းသပ်အောင်မြင်ပြီးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။
ချမ်းသာချင်ရင် သင့်ကိုယ်သင်အရင်ပေးပါဆိုတဲ့ အကြံပေးစကားက မျိုးဆက်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး အလုပ်ဖြစ်တယ်ဆိုတာ သေချာတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အစောဆုံးအနေနဲ့ ၁၉၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုဟ်စာအုပ်ထဲမှာ တွင်တွင်ကျယ်ကျယ်လူသိများလာခဲ့တာဖြစ်ပါတယ်။
၃။ ငွေကို အလိုလိုစုဖြစ်သွားစေတယ်။
ဒီနည်းလမ်းက ငွေစုဖို့အတွက် အသုံးစရိတ်ဘယ်လောက်လျှော့ရမလဲဆိုတာ စဉ်းစားနေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေရလာတာနဲ့ စုငွေကို ဖယ်ပြီးမှ သုံးတာကြောင့် ဖြစ်ပါတယ်။ အခုခေတ်မှာ ဘဏ်ကနေလစာရသူတွေအနေနဲ့ စာရင်းသေအပ်ငွေစာရင်းတစ်ခုဖွင့်ပြီး လစာရတာနဲ့ ပမာဏတစ်ခုကို အလိုလိုခွဲထည့်ပြီးဖြစ်အောင် လုပ်ထားလို့ရပါတယ်။
၄။ အလေ့အကျင့်တစ်ခု ဖြစ်လာနိုင်တယ်။
သင့်ဝင်ငွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်ကို ပုံမှန်စုဆောင်းတာက အချိန်ကြာလာတာနဲ့အမျှ အလေ့အကျင့်တစ်ခုဖြစ်လာနိုင်ပြီး ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။
၅။ ငွေကို အပြစ်ကင်းကင်းသုံးနိုင်တယ်။
ငွေကို အစကတည်းက စတင်စုဆောင်းခဲ့မယ်ဆိုရင် သုံးစရာရှိတဲ့အခါမှာ အပြစ်ရှိသလိုခံစားချက် မဖြစ်ပဲနဲ့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။
၆။ အရေးပေါ်အခြေအနေအတွက် ငွေကြေးရှိစေတယ်။
သင်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သင်ချစ်ရတဲ့သူတစ်ယောက်ယောက်ပဲဖြစ်ဖြစ် နေမကောင်းတဲ့အခါ၊ အိမ်ပြင်ဖို့ လိုတဲ့အခါ၊ အလုပ်အကိုင်ဆုံးရှုံးရတဲ့အခါမျိုးတွေမှာ စုဆောင်းငွေက သင့်ကို ကူညီပေးနိုင်ပါတယ်။
၇။ အရင်းအနှီးလုပ်ဖို့ ငွေရှိလာစေတယ်။
သင့်ရဲ့ စုဆောင်းငွေက အရေးပေါ်ရန်ပုံငွေထက်ပိုပြီး ရှိလာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခုလုပ်ဖို့ ရင်းနှီးငွေလည်း ရှိလာနိုင်ပါတယ်။
၈။ မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိလာစေတယ်။
သင့်ရဲ့ စုဆောင်းငွေတိုးပွားလာတဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှုလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့အခါ ပိုပြီး စွန့်စားလုပ်ဆောင်နိုင်သလို၊ ဘဝကိုလည်း အကောင်းမြင်စိတ်နဲ့ ပိုမြင်လာနိုင်မှာဖြစ်ပါတယ်။
၉။ ငွေကြေးအခြေအနေတိုးတက်ဖို့ ရွှေရောင်စည်းမျဉ်းတစ်ခုဖြစ်တယ်။
လူအများစုက ငွေကိုစုဆောင်းဖို့ မလွယ်ဘူးလို့ ပြောလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့အတွက် သူတို့ အရင်မပေးတာကြောင့်ပဲဖြစ်ပါတယ်။ သုံးလို့ပိုတဲ့ငွေကို စုဆောင်းတာက အလုပ်မဖြစ်နိုင်ပါဘူး။ စုဆောင်းလို့ပိုတဲ့ ငွေကို သုံးမှာသာ ငွေကို အောင်မြင်စွာ စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine