ငွေကြေးနဲ့ပတ်သက်လာရင် မှားယွင်းတဲ့အကြံပြုစကားတွေက အများကြီးရှိနေတတ်ပါတယ်။ အထူးသဖြင့် ရင်းနှီးခင်မင်ရတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ငွေကြေးဆိုင်ရာ အကြံပေးစကားတွေက ပြဿနာတစ်ခုပါပဲ။ သူတို့ရဲ့ အကြံပေးစကားအမှားတွေကို ကြားရဖန်များလာတော့ အမှန်လို့ထင်မှတ်ထားတတ်ပါတယ်။ ဒါ့ကြောင့် မယုံကြည်သင့်တဲ့ ငွေကြေးဆိုင်ရာ အကြံပြုစကားတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ လူတိုင်း အကြွေးနဲ့ မကင်းနိုင်ဘူး။
အကြွေးဟာ အခုခေတ်လူမှုအဖွဲ့အစည်းမှာ မထူးဆန်းတော့တဲ့အရာတစ်ခု ဖြစ်နေပါပြီ။ အကြွေးဝယ်ကဒ်တွေ၊ ချေးငွေတွေနဲ့ ဘာမဆိုဝယ်ယူနိုင်နေတာကြောင့် လူတိုင်းအကြွေးနဲ့ မကင်းနိုင်သလို ထင်ရပါတယ်။ ဒါ့ကြောင့် သင်လည်း အကြွေးတင်နေတာ ကိစ္စမရှိလို့ မှတ်ယူမထားသင့်ပါဘူး။ အကြွေးဟာ မလိုအပ်တဲ့ စိတ်ဖိစီးမှုနဲ့ ငွေကြေးအခက်အခဲတွေကို ဖြစ်စေနိုင်ပါတယ်။ တတ်နိုင်သမျှ အကြွေးကင်းအောင် နေပါ။
၂။ အခြားသူတွေ တတ်နိုင်ရင် သင်လည်း တတ်နိုင်တယ်။
အခုခေတ်မှာ သင့်ကိုယ်သင် အနီးပတ်ဝန်းကျင်ကလူတွေနဲ့ နှိုင်းယှဉ်မိဖို့က အရမ်းကို လွယ်ကူပါတယ်။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးချင်းမိတ်ဆွေ တစ်ယောက်ယောက်က ဖုန်းအကောင်းစားဝယ်ကိုင်တာ၊ ကားသစ်တစ်စီးဝယ်တာတွေ့တိုင်း သင်လည်း ဝယ်နိုင်မယ်လို့ ထင်နေတာက အမှားတစ်ခုပါ။ များသောအားဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်မိနေသူကိုယ်တိုင် အကြွေးတင်ခံပြီး ဝယ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် အခြားသူတွေ ဝယ်တိုင်းလိုက်ဝယ်ဖို့ မစဉ်းစားပဲ အမှန်တကယ်တတ်နိုင်မှ ဝယ်ယူသင့်ပါတယ်။
၃။ ငွေလေးနည်းနည်းစုရုံနဲ့ ဘာမှထူးခြားမလာနိုင်ဘူး။
သင့်အနေနဲ့ လစာကိုအလျင်မှီအောင်သုံးနေရပြီး သိသာတဲ့ ငွေပမာဏတစ်ခုကို စုဆောင်းဖို့ ခက်နေပါသလား။ ငွေလေး နည်းနည်းလောက်စီ စုဆောင်းရုံနဲ့ ဘာမှထူးမလားဘူးလို့ ထင်ရတာက မှန်ပါတယ်။ ဒါပေမယ့် လစာဝင်ငွေထဲက ဘယ်လောက်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကို ဖယ်စုထားတာက အချိန်အတိုင်းအတာတစ်ခုကြာတဲ့အခါ အံ့အားသင့်လောက်တဲ့ ရလဒ်ကို တွေ့ရနိုင်ပါတယ်။ အရေးကြီးတာက စိတ်ရှည်သည်းခံနိုင်ဖို့ပါပဲ။
၄။ ငွေရှာဖို့ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရမယ်။
ဒီစကားက မှန်တယ်လို့ ထင်ရပေမယ့် အားလုံးအတွက်တော့ မဟုတ်ပါဘူး။ ပင်ပင်ပန်းပန်းအလုပ်လုပ်နေရသူတိုင်းလည်း ငွေများများမရှာနိုင်တာကြောင့်ပါ။ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ပါးနပ်လိမ္မာဖို့က အဓိကကျပါတယ်။ ဒီလိုပြောလို့ အလုပ်မကြိုးစားပဲ အပျင်းထူနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အစပိုင်းမှာ ပင်ပင်ပန်းပန်းငွေရှာပါ။ ငွေကို စနစ်တကျ စီမံခန့်ခွဲပြီး စုဆောင်းပါ။ အရင်းအနှီးတစ်ခုရလာချိန်မှာ လိမ္မာပါးနပ်စွာ ရင်းနှီးမြုပ်နှံမှုလုပ်ပါ။ ဒါဆိုရင် ပင်ပန်းစရာမလိုပဲ ငွေရှာနိုင်လာပါလိမ့်မယ်။
၅။ ငယ်သေးတယ်၊ အိုစာမင်းစာအတွက် ပူစရာမလိုဘူး။
အိုစာမင်းစာ တနည်းအားဖြင့် အနားယူချိန်အတွက် စုဆောင်းငွေဆိုတာ အသက်အရွယ်ရလာမှ ဒါမှမဟုတ် အနားယူခါနီးမှာ ရှာဖွေစုဆောင်းသင့်တဲ့ ငွေကြေးမဟုတ်ပါဘူး။ ဘဝမှာ စောစောအနားယူချင်ရင် အသက်ငယ်ငယ်ကတည်းက အိုစာမင်းစာရှာထားပါ။ ငယ်ရွယ်စဉ်ကလည်းက စုဆောင်းပါ။ ဆပွားတိုးလာအောင် ရင်းနှီးမြုပ်နှံပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine