တနင်္လာနေ့ဟာ ပုံမှန်ရုံးတက်ရတဲ့ ရုံးသမားတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အခက်ခဲဆုံးနေ့တစ်နေ့လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ စိတ်လွတ်ကိုယ်လွတ်အနားယူ၊ အပန်းဖြေခဲ့ပြီး အလုပ်တွေပြန်စလုပ်ရမယ့် တနင်္လာနေ့မနက်ခင်းမှာ အလုပ်တွေဆီအာရုံပြန်စိုက်ရခက်တာက သဘာဝပါပဲ။ ဒါ့ကြောင့် တနင်္လာနေ့မှာ ရုံးမတက်ချင်တဲ့စိတ်ကို ဖြေဖျောက်ပြီး စိတ်အားတက်ကြွမှုအပြည့်နဲ့ အလုပ်တွေပြန်လုပ်နိုင်စေမယ့် နည်းလမ်းကောင်းတချို့ကိုဖော်ပြလိုက်ပါတယ်။
၁။ တနင်္လာနေ့ညမှာ သင့်ကိုယ်သင် ဆုချပါ။
ရုံးပိတ်ရက်မှာ လွတ်လပ်ပျော်ရွှင်တဲ့ နေထိုင်မှုပုံစံကနေ တနင်္လာနေ့ကစပြီး ပုံမှန်ရုံးဝန်ထမ်းတစ်ဦးအဖြစ် ချက်ချင်းပြောင်းလဲဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် တနင်္လာနေ့ အလုပ်ဆင်းချိန် ညနေဖက် ဒါမှမဟုတ် ညဖက်မှာ သင့်ကို ပျော်ရွှင်စေနိုင်တာတစ်ခုခုလုပ်ဖို့ စီစဉ်ထားပါ။ ဥပမာ ညနေခင်းရုပ်ရှင်သွားကြည့်တာ၊ ဘားသွားထိုင်တာ၊ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ ညစာသွားစားတာစသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင် တနင်္လာနေ့ညနေရဲ့ ဆွဲဆောင်မှုကြောင့် တစ်ရက်တာလုံးကိုလည်း စိတ်တက်ကြွမှုအပြည့်နဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။
၂။ မနက်စောစောအိပ်ရာထပါ။
ရုံးသွားချိန်အမှီ အိပ်ရာကထတာက အခြားရက်တွေမှာဆိုရင် အဆင်ပြေနိုင်ပေမယ့် တနင်္လာနေ့အတွက်တော့ ခက်ခဲနိုင်ပါတယ်။ တနင်္လာနေ့မနက်ခင်းမှာ ရုံးမသွားချင်တဲ့စိတ်တွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ပိုဖြစ်နိုင်တာကြောင့်ပါ။ ဒါ့ကြောင့် တနင်္လာနေ့မနက်ကို အိပ်ရာကနေ စောစောထပြီး ပြင်ဆင်ပါ။ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အလုပ်တွေလုပ်ပါ။ တစ်နေ့လုံးအတွက် အားအင်ပြည့်ဝနေပါလိမ့်မယ်။
၃။ တနင်္ဂနွေညကတည်းက ကြိုတင်ပြင်ဆင်ထားပါ။
ဟုတ်ပါတယ်။ တနင်္ဂနွေအားလပ်ချိန်လေးတွေကို ဘယ်သူမှအလုပ်လုပ်ရင်း မဖြုန်းတီးပစ်ချင်ပါဘူး။ ဒါပေမယ့် ညနေခင်းပိုင်းမှာ တနင်္လာနေ့အတွက် အဝတ်အစားကြိုရွေးတာ၊ အီးမေးလ်တွေ စစ်တာ၊ လုပ်ဆောင်ရမယ့်အလုပ်စာရင်းရေးထားတာတွေက သင့်ရဲ့ စိတ်ကို ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။ တနင်္လာနေ့မနက်ခင်းမှာ အလုပ်မသွားချင်လောက်အောင် ပျင်းရိမှုကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။
၄။ မနက်စာ မလွတ်ပါစေနဲ့။
မနက်စာဟာ တစ်ရက်စာအတွက် အရေးအကြီးဆုံးစားစရာဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံသာမက စိတ်ကိုလည်း လန်းဆန်းတက်ကြွစေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် တနင်္လာနေ့မနက်ခင်းမှာ အိပ်ရာကနေ ထပြီး ရုံးကို တန်းသွားတာမျိုးမလုပ်ပဲ အချိန်ယူပြီး မနက်စာကို သေချာစားသင့်ပါတယ်။
၅။ အကောင်းဆုံး ဝတ်စားဆင်ယင်ပါ။
တနင်္လာနေ့ကို လူအများစုက မုန်းကြတာက အဆန်းမဟုတ်ပါဘူး။ ဒီလိုမဖြစ်ရအောင် တနင်္လာနေ့မှာ အကောင်းဆုံးဝတ်စုံကို ဝတ်သင့်ပါတယ်။ သင့်အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုကို တိုးတက်စေပြီး စိတ်အားတက်ကြွမှုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
၆။ အိပ်ရေး၀၀အိပ်ပါ။
အိပ်စက်ခြင်းဟာ လူတွေ တန်ဖိုးထားလေ့မရှိတဲ့ အဖိုးတန်ဆုံးအရာတစ်ခုဖြစ်ပါတယ်။ လူအများစုက အလုပ်တွေ ပိုလုပ်ဖို့၊ ပျော်စရာတွေ ပိုခံစားဖို့ အိပ်စက်ချိန်တွေကို လျှော့ချနေကြပါတယ်။ ဒါပေမယ့် လိုအပ်သလောက် အိပ်စက်ချိန်မရှိရင် ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် တနင်္လာနေ့မနက်ခင်းမှာ ကိုယ်ရော စိတ်ပါ အားအင်ပြည့်ဝလန်းဆန်းနေဖို့ တနင်္ဂနွေညကို အိပ်ရေး၀၀အိပ်စက်ဖို့ ဂရုစိုက်သင့်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine