Hair Gel တွေဟာ အမျိုးသားအများစု အသုံးပြုလေ့ရှိတဲ့ ဆံပင်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သလို တလွဲသုံးခံရဆုံးလည်း ဖြစ်ပါတယ်။ Hair Gel ရဲ့ ပုံသွင်းနိုင်စွမ်းကို အကောင်းဆုံး ရရှိပြီး အလိုက်ဖက်ဆုံး၊ အလန်းဆုံး ဆံပင်ပုံစံကို ဖော်နိုင်ဖို့ Hair Gel နဲ့ ပတ်သက်ပြီး လုပ်မိတတ်တဲ့ အမှားတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ခေါင်းမခြောက်သေးပဲ Gel သုံးတာ
Hair Gel သုံးပြီး ဆံပင်ပုံသွင်းမယ်ဆိုရင် သင့်ခေါင်းက ခြောက်သွေ့နေဖို့တော့ လိုပါတယ်။ ဆံပင်ရေစိုနေတုန်းမှာ Gel သုံးတာက အမျိုးသားအများစု လုပ်လေ့ရှိတဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ ဆံပင်တွေ ရေမခြောက်သေးပဲ Gel သုံးတဲ့အခါ ရေနဲ့ထိတွေ့ပျော်ဝင်သွားပြီး Gel ရဲ့ စွမ်းဆောင်အား ကျဆင်းသွားနိုင်ပါတယ်။ Gel မှ မဟုတ်ပါဘူး။ အခြား ဆံပင်ပုံသွင်းပစ္စည်းတွေ သုံးရင်လည်း ခေါင်းကို ရေခြောက်အောင် အရင်လုပ်ထားမှ အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မျာ ဖြစ်ပါတယ်။
၂။ အလွန်အကျွံသုံးတာ
Gel နဲ့ပတ်သက်ပြီး အမျိုးသားတွေ မှားတတ်တဲ့ အချက်တစ်ခုက အလွန်အကျွံအသုံးပြုခြင်းပါပဲ။ ခေါင်းလိမ်း Gel တွေကို အလွန်အကျွံသုံးပြီး ဆံပင်တွေကို ခဲတောင့်နေအောင် ပုံသွင်းတာမျိုး မလုပ်သင့်ပါဘူး။ အထိုက်အလျှောက်သာသုံးစွဲပြီး သဘာဝကျကျကြည့်ကောင်းတဲ့ ပုံစံဖြစ်အောင် ကြိုးစားသင့်ပါတယ်။
၃။ Gel လိမ်းပြီးပြီးချင်း ဘီးဖြီးတာ
ဆံပင်တွေကို Gel လိမ်းပြီးပြီးချင်းမှာ ဘီးသုံးပြီး မဖြီးသင့်ပါဘူး။ ဒီအချိန်မှာ လက်နဲ့ပဲ ပုံဖော်တာက အကောင်းဆုံးဖြစ်ပါတယ်။ တချို့ Gel နဲ့ Pomade တွေက အတွင်းထဲထိရောက်အောင် ဘီးသုံးဖို့ လိုပေမယ့် အများစုက မလိုအပ်ပါဘူး။
၄။ အဖျားလေးပဲ လိမ်းတာ
ဆံပင်အဖျားလေးတွေကိုပဲ Gel လိမ်းတာကလည်း အမျိုးသားအများစု မသိလိုက်မသိဘာသာ လုပ်မိတတ်တဲ့ အမှားတစ်ခုပါပဲ။ ဆံပင်အဖျားလေးတွေကိုပဲ လိမ်းရုံနဲ့ သင်လိုချင်တဲ့ ဆံပင်ပုံစံကို ပုံသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးဖို့ လိုပါတယ်။ လိုတာထက် ပိုမလိမ်းမိအောင်တော့ ဂရုစိုက်ပါ။
၅။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ မသုံးတာ
Hair Gel နဲ့ ပတ်သက်လာရင် သင်သုံးမယ့် ပစ္စည်းရဲ့အရည်အသွေးကို ဂရုတစိုက်ရွေးချယ်သင့်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ထုတ်ကုန်တွေက ဆံပင်နဲ့ ဦးရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့် ဆံပင်အမျိုးအစားအတွက် အဆင်ပြေမယ့် အမျိုးအစားဖြစ်မှ လိုချင်တဲ့ ပုံစံကို ဖော်နိုင်မှာ ဖြစ်ပါတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine