အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေဆီက ငွေချေးတာက အထိအခိုက်မခံတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ငွေချေးပြီး ပြန်ဆပ်ဖို့ အခက်အခဲရှိလာရင် ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ငွေချေးထားပြီး ပြန်မဆပ်နိုင်တဲ့အခါ ဆက်ဆံရေးကို မထိခိုက်အောင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ သူတို့ကို မရှောင်ပါနဲ့။
တစ်ယောက်ယောက်ကို ငွေပြန်မပေးနိုင်တဲ့အချိန်မှာ သူတို့ကို ရှောင်နေတာက အဆိုးဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။ မကြာခဏတွေ့လေ့ရှိသူတွေဆိုရင် ပိုဆိုးပါတယ်။ ချေးယူထားတဲ့ ငွေကို ပြန်မဆပ်နိုင်သေးတာကြောင့် အတွေ့မခံပဲ ရှောင်နေတာက ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
၂။ ခင်မင်မှုကို အခွင့်ကောင်းမယူပါနဲ့။
အသိမိတ်ဆွေတွေကို ငွေချေးတာက ငွေရော၊ ခင်မင်မှုကိုပါ ဆုံးရှုံးနိုင်တာကြောင့် ငွေမချေးပါနဲ့လို့ ရှိတ်စပီးယားက ရေးခဲ့ဖူးပါတယ်။ သင့်ရဲ့ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေဆီက ငွေချေးထားပြီးရင် ခင်မင်ရင်းနှီးနေသူတွေဖြစ်တာကြောင့် ပြန်မဆပ်လည်း ကိစ္စမရှိဘူးလို့ မတွေးထားပါနဲ့။ ဒီလိုတွေးထားမယ်ဆိုရင် ဆက်ဆံရေးပျက်စီးမှာ သေချာပါတယ်။
၃။ သင့်ရဲ့ ငွေကြေးအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
တစ်ခါတစ်လေမှာ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေကို သင့်ရဲ့ ငွေရေးကြေးရေး အခြေအနေအကြောင်းပြောပြရမှာ မလွယ်ပါဘူး။ ဒါပေမယ့် သူတို့ဆီက ငွေချေးထားပြီး ပြန်မဆပ်နိုင်တဲ့အခါမှာတော့ ပြောပြသင့်ပါတယ်။ ငွေချေးထားသူက ပြန်လိုချင်ပေမယ့် သင့်ဖက်က မပေးနိုင်သေးကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံပါ။ သင့်အနေနဲ့ ငွေကြေးအခက်အခဲကြုံတွေ့နေရာကို သိထားမယ်ဆိုရင် ငွေချေးသူအနေနဲ့လည်း နားလည်ပေးနိုင်ပါလိမ့်မယ်။
၄။ ပြန်လည်ပေးဆပ်မယ့်အစီအစဉ်တစ်ခု ညှိနှိုင်းပါ။
သင့်ချေးထားတဲ့ ငွေကို သတ်မှတ်ရက်မှာ မပေးနိုင်သေးဘူးဆိုရင် နောက်ထပ် သေချာပေးနိုင်မယ့် နေ့ရက်အချိန်ကို ချိန်းပါ။ တစ်လုံးတစ်ခဲထဲ မပေးချေနိုင်သေးရင် အပတ်စဉ် ဒါမှမဟုတ် လစဉ် ခွဲပေးနိုင်မယ့် ပမာဏတစ်ခုကို သတ်မှတ်ပေးချေပါ။ သင် ပေးချေမယ့် အစီအစဉ်နဲ့ ပမာဏကို ငွေချေးပေးသူကို အသိပေးပြီး သဘောတူညီမှု ရယူထားပါ။
၅။ အကြွေးကို အမြန်ဆုံး ပေးဆပ်ပါ။
ချစ်ခင်ရသူတွေဆီက ငွေချေးထားတာက ဘဏ်က ချေးထားတာနဲ့ မတူပါဘူး။ ဘဏ်တွေကတော့ သင့်အနေနဲ့ ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်အခဲရှိနေရင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါတယ်။ ဘဏ်တွေက ချေးငွေပေါ်မှာ ကျသင့်တဲ့ အတိုးကို အကျိုးအမြတ်ရယူတာဖြစ်တဲ့အတွက် သင် ပြန်မဆပ်နိုင်သေးသမျှ အတိုးရယူနေမှာဖြစ်ပါတယ်။ သင့်ရဲ့ အသိမိတ်ဆွေနဲ့ မိသားစုဝင်တွေကတော့ ဒီလိုလုပ်ပေးဖို့ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ သူတို့က သင့်အပေါ် ချစ်ခင်ယုံကြည်မှုရှိတာကြောင့် ငွေချေးပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ပေးဆပ်ရမယ့် အကြွေးကို အမြန်ဆုံးပေးချေတာက အကောင်းဆုံးပါပဲ။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine