အရက်သောက်ခြင်းကြောင့် ရုပ်ရင့်နိုင်သလား..?

အဖြေကတော့ Yes ပါ။ အရက်သောက်ခြင်းက သင့်ရဲ့ ရှိရင်းစွဲအသက်အရွယ်ထက် ရုပ်ရည်ကို ရင့်စေနိုင်ပါတယ်။ ရံဖန်ရံခါသောက်သုံးခြင်းက သိသာထင်ရှားတဲ့ ထိခိုက်မှု မရှိစေနိုင်ပေမယ့် အရက်နဲ့ ခိုင်မြဲကြာရှည်တဲ့ Relationship တည်ဆောက်ထားမယ်ဆိုရင်တော့ အရွယ်မတိုင်အိုမင်းရင့်ရော်ရုံသာမက အချိန်မတိုင်ချင် သေဆုံးနိုင်ချေလည်း မြင့်တက်လာပါတယ်။

အယ်ကိုဟောပါဝင်တဲ့ အဖျော်ယမကားတွေအားလုံးက သင့်ရဲ့ အပြင်ပန်းရုပ်ရည်သွင်ပြင်ကိုသာမက အတွင်းပိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သက်ရောက်မှုတွေ အားလုံးက သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။

အရက်သောက်သုံးခြင်းကြောင့် ဘယ်လိုထိခိုက်မှုတွေ ရှိနိုင်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ် ခမ်းခြောက်စေတယ်။

အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ် ပိုနည်းလာတတ်တယ်။ အရက်၊ ဘီယာတွေက အရည်တော့ အရည်တွေ ပေမယ့် ရေဓာတ် မရနိုင်ပါဘူး။ ရေဓာတ် ကိုတောင် ပိုပြီး ခမ်းခြောက် စေတတ်ပါတယ်။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲက ရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။

၂။ အသားအရေ ခြောက်သွေ့ စေနိုင်တယ်။

လူတွေက အသက်ကြီးလာရင် အရေပြားတွေ ပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ သဘာဝအလျောက် ဖြစ်တဲ့ ရင့်ရော်မှု ဖြစ်စဉ် ဖြစ်တာကြောင့် ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ဘဝနေထိုင်မှုပုံစံကြောင့် ဒီဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ် ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ရင့်စေပါလိမ့်မယ်။

၃။ ကိုယ်တွင်းကလီစာ တွေကို အားနည်းစေတယ်။

အယ်လ်ကိုဟောက အရေးကြီးတဲ့ ကိုယ်တွင်းကလီစာ တချို့ကို ထိခိုက်စေပြီး မြန်မြန် ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေ ပိုများစေနိုင်တယ် ဆိုပေမယ့် တော်တန်ရုံ သောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကျောက်ကပ်လုပ်ဆောင်ချက် တွေမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

၄။ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေတယ်။

အရက်ကို နှစ်ရှည်လာမျိုး စွဲသောက်လာသူတွေမှာ ဦးနှောက်ဆဲလ်တွေ ကျုံ့လာနိုင်ပြီး အရက်ကြောင့် ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု (ARBD) နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ ဖြစ်လာစေနိုင်တယ်။ ဆုံးဖြတ် သုံးသပ်နိုင်စွမ်း မရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသ ဖြစ်လွယ်တာ စတာတွေ အပါအဝင် လက္ခဏာမျိုးစုံ ရှိလာတတ်ပါတယ်။

၅။ ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်။

အယ်လ်ကိုဟောက တီဘီရောဂါ၊ နမိုးနီးယားရောဂါ တို့လို အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။

၆။ နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်။

ဝိုင်နီမှာ ကိုလက်စထရောပမာဏကို ထိန်းညှိပြီး သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတယ် ဆိုတဲ့ polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်နေ့တစ်ခွက်လောက် ဆေးဖြစ်ဝါးဖြစ် သောက်ရင် နှလုံးအတွက် ကောင်းတယ်လို့ သုတေသနတချို့ကဖော်ပြကြတယ်။ ဒါပေမယ့် များသွားရင် နှလုံးခုန် မမှန်တာ၊ သွေးပေါင်တက်တာတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ကျန်းမာချင်လို့တော့ အယ်လ်ကိုဟောကို အားမကိုးပါနဲ့။

၇။ အိပ်ရေးပျက် စေနိုင်တယ်။

အိပ်ပျော်အောင် လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ် ဆိုတာ မှန်ကန်တဲ့ အနားယူနည်း မဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့် မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်း ဂနာမငြိမ် ဖြစ်နေစေနိုင်တယ်။

ဒါ့ကြောင့် အရက်ကြောင့် ရနိုင်တဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများတာကြောင့် လျှော့သောက်ပါ။ အရွယ်ပိုရင့်တာ၊ ရောဂါထူတာ၊ အသေစောတာ မဖြစ်စေချင်ရင် ၊ ကိုယ့်ကိုယ်ကို ချစ်ရင် အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ။


မိန်းကလေးတိုင်း တောင့်တပြီး ယောကျ်ားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Related Posts

%%footer%%