တောင်းပန်စရာရှိလာခဲ့ရင်…

တောင်းပန်ခြင်းဟာ လူတိုင်းအတွက် လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ မရည်ရွယ်ပဲနဲ့သော်လည်းကောင်း တဖက်သားကို ထိခိုက်အောင် လုပ်မိတဲ့အခါ တောင်းပန်ဖို့ လိုအပ်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မဖြစ်မနေလိုအပ်ချက်ကြောင့် တောင်းပန်ရတာထက် အလေးအနက်တောင်းပန်နိုင်ဖို့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ သင် အမှားလုပ်ခဲ့တာကို အသိအမှတ်ပြုပါ။

အလေးအနက်တောင်းပန်ဖို့ ပထမဆုံးအဆင့်က အမှားကို လက်ခံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သင်ရဲ့ လုပ်ဆောင်ချက်၊ ပြောဆိုမှုတစ်ခုခုက တဖက်သားကို ထိခိုက်စေတယ်ဆိုတာ ကိုယ်တိုင်နားလည်လက်ခံနိုင်မှာ တောင်းပန်နိုင်မှာ ဖြစ်ပါတယ်။

၂။ ရိုးသားပါ။

ဒီအချက်က ပြောစရာမလိုပါဘူး။ တောင်းပန်တဲ့အခါ ရိုးသားဖို့ အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပြီး အရိုးသားဆုံး တောင်းပန်ခြင်းက သင့်ကြောင့် ထိခိုက်သွားသူကို ခံစားရသက်သာစေနိုင်ပါတယ်။

၃။ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါ။

သင့်အနေနဲ့ တောင်းပန်စကားပြောပြီးရင် တဖက်သူရဲ့ ခွင့်လွှတ်မှုကို တောင်းဆိုသင့်ပါတယ်။ ဒါမှသာ သင့်ကြောင့် ထိခိုက်သွားသူအနေနဲ့ တစ်ခုခုတုံ့ပြန်ဖို့ အခွင့်အရေးပေးနိုင်မှာပါ။

၄။ တောင်းပန်ခြင်းကို အနိုင်/အရှုံး မသတ်မှတ်ပါနဲ့။

တောင်းပန်ခြင်းဟာ သင့်အနေနဲ့ အရှုံးပေးလိုက်ရတာမဟုတ်သလို၊ တဖက်သူက အနိုင်ရသွားတာလည်း မဟုတ်ပါဘူး။ သင့်ကြောင့် ထိခိုက်ခံစားသွားရတာကိုပဲ တောင်းပန်တာဖြစ်ပါတယ်။ အလေးအနက်ထားတောင်းပန်လိုက်ချင်းအားဖြင့် သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ဖော်ပြရာလည်း ရောက်ပါတယ်။

၅။ အပြစ်မတင်ပါနဲ့။

သင့်ကြောင့် တဖက်သားထိခိုက်ခံစားသွားရပြီဆိုရင် သင့်ရဲ့အပြုအမူ၊ အပြောအဆိုအတွက် သူတို့ကို အပြစ်မတင်မိပါစေနဲ့။ သူတို့ကို အပြစ်တင်ပြီးမှ တောင်းပန်တာက သင့်ရဲ့ တောင်းပန်မှုကို ယုတ္တိမရှိသလို ဖြစ်စေနိုင်ပါတယ်။

၆။ တစ်ကြိမ်ထက်မကတောင်းပန်နိုင်ဖို့ ပြင်ဆင်ထားပါ။

သင့်အနေနဲ့ အလေးအနက်ထားပြိး တောင်းပန်ချင်တယ်ဆိုရင် တစ်ကြိမ်တစ်ခါထက်ပိုပြီး တောင်းပန်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ သင့်ရဲ့ တောင်းပန်မှုက တဖက်သူရဲ့ခံစားမှုဝေဒနာကို သက်သာစေပြီး ခွင့်လွှတ်နိုင်ဖို့ တွန်းအားဖြစ်စေမှာပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

%%footer%%