ဘဝမှာ အောင်မြင်တိုးတက်ချင်ရင် မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံတယ်ဆိုတာက လက်ရှိအရည်အချင်းတွေကို တိုးတက်အောင်လုပ်ပြီး နောက်ထပ် အရည်အချင်းအသစ်တွေကို လေ့လာသင်ယူတာပဲဖြစ်ပါတယ်။ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့ မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ စာအုပ်တွေနဲ့ Blog တွေ ဖတ်ပါ။
စာဖတ်ခြင်းဟာ အောင်မြင်မှုအတွက် အရေးပါးတဲ့အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ စာအုပ်စာပေတွေက သင့်အတွက် အသစ်အသစ်သော အကြောင်းအရာတွေ၊ ပညာရပ်တွေကို ပေးစွမ်းနိုင်တဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ သင်မရောက်ဖူးသေးတဲ့ နေရာတွေအကြောင်း သိရနိုင်သလို တစ်ခါမှ မစဉ်းစားမိဖူးတဲ့ စိတ်ကူးတွေလည်း ရလာစေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်ရက်ဆက်စာဖတ်ဖို့ကို မပျက်မကွက်လုပ်ဆောင်သင့်ပါတယ်။ သင့်ရဲ့ တစ်နေ့တာ ဒါမှမဟုတ် တပတ်မှာ စာဖတ်ဖို့ အချိန်သတ်မှတ်ထားပေးဖို့ လိုပါတယ်။
၂။ သင့်ငွေကို ထိန်းချုပ်စီမံပါ။
သင့်ရဲ့ ငွေသုံးစွဲမှု၊ စုဆောင်းမှုတွေကို အခုကစပြီး ထိန်းချုပ်စီမံပါ။ အကြွေးမတင်အောင်နေပါ။ အကြွေးတွေက သင့်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေပါလိမ့်မယ်။ သင့်ရဲ့ ငွေကြေးကို ထိန်းချုပ်စီမံနိုင်ဖို့ လေ့လာပါ။
၃။ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံပါ။
ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ အနားယူချိန်အထိ စောင့်ဆိုင်းမနေပါနဲ့။ ငယ်ငယ်ရွယ်ရွယ်ကတည်းက လုပ်လေ ပိုကောင်းလေပါပဲ။ စတော့ရှယ်ယာ၊ အိမ်ခြံမြေ စသဖြင့် ရင်းနှီးမြုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေပါ။ ရင်းနှီးမြုပ်နှံခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာတွေကို လေ့လာဆည်းပူးပါ။
၄။ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။
မနေ့က ဘွဲ့ရပြီး ဒီနေ့စာမဖတ်တော့ရင် မနက်ဖြန်မှာ စာမတတ်တဲ့သူတစ်ယောက်ဖြစ်သွားမယ်ဆိုတဲ့ စကားလိုပါပဲ။ သင်ယူလေ့လာမှုဆိုတာ ဘယ်တော့မှ ရပ်တန့်လို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ဘဝတိုးတက်အောင်မြင်ဖို့ လိုအပ်သမျှကို လေ့လာသင်ယူနေဖို့ လိုပါတယ်။ အမြဲမပြတ်လေ့လာသင်ယူနေခြင်းက သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်းပဲ ဖြစ်ပါတယ်။
၅။ အနားယူချိန်ပေးပါ။
မိမိကိုယ်ကိုယ် အနားပေးခြင်းက အရှေ့ကို ဆက်လျှောက်ဖို့ မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လေ့လာသင်ယူမှုတွေ၊ အလုပ်တွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပမ်းနွမ်းနယ်မသွားခင်မှာ လုံလောက်အောင် အနားယူဖို့ လိုပါတယ်။ လုံလောက်တဲ့အနားယူချိန်မရှိရင် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်တွေ ရရှိဖို့လည်း ခက်ခဲနိုင်ပါတယ်။
၆။ ဝင်ငွေလမ်းကြောင်းများများဖန်တီးပါ။
ဝင်ငွေလမ်းကြောင်းတစ်ခုထဲနဲ့ အနာဂတ်မှာ ငွေကြေးလွတ်မြောက်မှုရဖို့ မလွယ်ပါဘူး။ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ဝင်ငွေလမ်းကြောင်း တစ်ခုထက်မက ပိုပြီး ရှိနေဖို့ လိုပါတယ်။ ပုံမှန်အလုပ်တစ်ခုအပြင် ဘေးပေါက်အလုပ်တွေလုပ်ပါ။ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပါ။
၇။ သင့်ရဲ့ ကန့်သတ်ချက်တွေကို သိရှိလိုက်နာပါ။
အောင်မြင်ကြီးပွားချင်ရင် Yes ပြောတတ်သလို No ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ လိုပါတယ်။ သင် မလုပ်နိုင်တဲ့ကိစ္စ၊ သင့်အတွက် အကျိုးမရှိတဲ့ကိစ္စတွေကို ငြင်းဆိုတတ်အောင် လေ့ကျင့်ထားခြင်းကလည်း သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံခြင်းပဲ ဖြစ်ပါတယ်။
မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine