ကောင်မလေးဆီက အငြင်းခံရရင် ဘယ်လိုလုပ်မလဲ?

ဘယ်သူမှ အငြင်းခံရတာကို သဘောမကျပါဘူး။ ကလေးငယ်တစ်ယောက်အနေနဲ့တော့ သူလိုချင်တာကို အငြင်းခံရရင် ကြမ်းပြင်ပေါ်လူးလှိမ့် ငိုယိုပြီး လက်ခံသည်အထိ ဂျီတိုက်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ကတော့ အငြင်းခံရရင် ဒီလိုသွားလုပ်နေလို့ မရဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ ချဉ်းကပ်ကြိုးစားရမှာ အငြင်းခံလိုက်ရမယ်ဆိုရင် လူကြီးလူကောင်းဆန်ဆန် အငြင်းခံနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိန်းကလေးတစ်ယောက်မှာ ငြင်းပယ်ခွင့်ရှိတယ်ဆိုတာ လက်ခံထားပါ။

သင် ချစ်ရေးဆိုတဲ့ မိန်းကလေးတစ်ယောက်က သူမ သဘောမကျရင် ငြင်းပယ်ခွင့်ရှိတယ်ဆိုတာကို စိတ်ထဲမှာ လက်ခံထားဖို့ လိုပါတယ်။ သာမန်ခင်မင်ရင်းနှီးနေချိန်မှာ အဆင်ပြေမယ်လို့ ထင်ရပေမယ့် သင့်ကို ချစ်သူရည်းစားတစ်ယောက်အနေနဲ့ လက်ခံနိုင်ဖို့ မသေချာတာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အငြင်းပယ်ခံခဲ့ရရင် ကျေကျေနပ်နပ်လက်ခံနိုင်ဖို့ လိုပါတယ်။ ပြဿနာရှာတာ၊ အရှက်ခွဲဖို့ ကြိုးစားတာတွေက လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေ မဟုတ်ပါဘူး။

၂။ အငြင်းခံရတာက သင့်အပြစ်မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်ဆီက အငြင်းခံလိုက်ရတာနဲ့ သင့်ကိုယ်သင် အပြစ်တင်နေစရာမလိုပါဘူး။ အမျိုးသားအများစုက အငြင်းခံလိုက်ရပြီဆိုရင် ကိုယ့်ရဲ့ချို့ယွင်းအားနည်းချက်တွေကြောင့်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ အမျိုးသားအများစုထင်သလို ရုပ်ရည်ဆွဲဆောင်မှု၊ ငွေကြေးပိုင်ဆိုင်မှု စတာတွေထက် မိန်းကလေးတစ်ယောက်က သူစိတ်ကြိုက်ဟုတ်မဟုတ်ဆိုတာက ပိုအရေးကြီးပါတယ်။ သူမရဲ့ ချစ်သူရည်းစားအဖြစ်နဲ့ လက်မခံနိုင်လို့ ငြင်းပယ်တာကို သင့်ကိုယ်သင် အပြစ်တင်မနေပါနဲ့။

၃။ လူကြီးလူကောင်းဆန်ဆန် ဆုတ်ခွာပါ။

အငြင်းပယ်ခံရပြီဆိုရင် လူကြီးလူကောင်းဆန်ဆန် ဆုတ်ခွာနိုင်ဖို့ လိုပါတယ်။ သင့်ကို လက်မခံနိုင်တဲ့ မိန်းကလေးတွေကို ဇွတ်တရွတ်တွယ်ကပ်ပြီး ကလေးမုန့်တောင်းသလို လုပ်နေမယ့်အစား လူကြီးလူကောင်းဆန်ဆန် ခပ်ကင်းကင်းနေလိုက်ပါ။ သူမရဲ့ ငြင်းပယ်မှုကြောင့် အနည်းအကျဉ်းခံစားရရုံမှတပါး ဘာမှမထိခိုက်သွားသလို နေပြပါ။ ပုံမှန်အတိုင်း ယုံကြည်မှုရှိရှိ ခေါ်ပြောဆက်ဆံပါ။ မတွေ့အောင်ရှောင်နေတာ၊ ခံစားပြနေတာတွေကြောင့်လည်း ကောင်မလေးက စိတ်ပြောင်းလာဖို့ မသေချာပါဘူး။

၄။ သင့်ကိုယ်သင် တိုးတက်ပြောင်းလဲမှုရှိအောင် ကြိုးစားပါ။

အငြင်းပယ်ခံရမှုတွေကို သင့်ရဲ့ တစ်ကိုယ်ရည်တိုးတက်မှုတွေအတွက် တွန်းအားတစ်ခုလို အသုံးချပါ။ မိန်းကလေးတစ်ယောက်ဆီက အငြင်းခံရတာပဲဖြစ်ဖြစ်၊ အခြားဘယ်လိုအငြင်းပယ်ခံရတာမျိုးပဲ ဖြစ်ဖြစ် သင့်ကိုယ်သင် လက်ရှိထက်ပိုပြီး တိုးတက်အောင် ကြိုးစားဖို့ လက္ခဏာတစ်ခုလို့ သဘောထားပါ။ သင့်ရဲ့ အခြေအနေတွေ ပြောင်းလဲတိုးတက်လာပြီဆိုရင် သင့်ကိုငြင်းပယ်ခဲ့တဲ့ ကောင်မလေးရဲ့ သဘောထားတွေလည်း ပြောင်းလဲလာနိုင်ပါတယ်။

၅။ နောက်ထပ်ရွေးချယ်စရာတွေ အများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။

ကောင်မလေးတစ်ယောက်က သင့်ကို ငြင်းပယ်လိုက်တိုင်း ကမ္ဘာပေါ်က မိန်းကလေးတိုင်းက သင့်ကို ငြင်းပယ်မှာ မဟုတ်ပါဘူး။ အခြားရွေးချယ်စရာ မိန်းကလေးတွေနဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေပါသေးတယ်။ ကံကောင်းမယ်ဆိုရင် လက်ရှိငြင်းလိုက်တဲ့ မိန်းကလေးထက် အဆပေါင်းများစွာ ပိုသာတဲ့မိန်းကလေးမျိုးနဲ့ ဆုံဆည်းရနိုင်တယ်ဆိုတာ သတိရပါ။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%